အလုပ်မဖြစ်တဲ့ ဘုံသဘောတူညီချက် ၅ ရပ် စွန့်လွှတ်ရေး အာဆီယံကို တိုက်တွန်းဖို့ HRW တောင်းဆို

photo- AFP
အလုပ်မဖြစ်တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် စွန့်လွှတ်ရေး အာဆီယံကိုတိုက်တွန်းဖို့ အမေရိကန် သမ္မတဘိုင်ဒန်ကို လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က တောင်းဆိုလိုက်ပါတယ်။
မေလ ၁၂ ရက်နဲ့ ၁၃ ရက်တို့မှာ အာဆီယံနိုင်ငံခေါင်းဆောင်တွေနဲ့ ဝါရှင်တန်မြို့မှာကျင်းပမယ့် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးမတိုင်မီ HRW က သမ္မတ ဘိုင်ဒန်ကို စာပေးပို့တောင်းဆို လိုက်ခြင်းဖြစ်ပါတယ်။
အာဆီယံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါ မြန်မာ့အရေးကို အလေးထားဆွေးနွေးဖို့ လည်း HRW က တိုက်တွန်းလိုက်ပါတယ်။
HRW ရဲ့အာဆီယံမူ ၅ ရပ်ကို စွန့်လွှတ်ရေးဆိုတာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ တောင်းဆိုမှုတစ်ရပ်ဖြစ်ပေမဲ့ ဖြစ်လာမှာ မဟုတ်ဘူးလို့ ရန်ကုန်အခြေစိုက် နိုင်ငံရေး သုံးသပ်သူတစ်ဦးက ပြောပါတယ်။
‘မူ ၅ ရပ်ကို စွန့်ဖို့မပြောနဲ့၊ မူ ၅ ရပ်ကို စစ်အုပ်စုလိုက်နာလာအောင် အချိန်ကာလ သတ်မှတ်ချက် ထားတာတို့၊ မလိုက်နာရင် ဘယ်လိုအရေးယူမလဲဆိုတာတို့ ထည့်သွင်းနိုင်ဖို့တောင် အာဆီယံထဲ ဗြောင်းဆန်နေအောင် ဆွေးနွေးတောင် ရဖို့မသေချာဘူး။ ဘာလို့လဲဆိုတော့ အာဆီယံနိုင်ငံတွေထဲမှာ မြန်မာ့အရေးကို ဒါ့ထက်ပိုမလုပ်ချင်တဲ့ နိုင်ငံတွေ ရှိနေတယ်’ လို့သူကပြောပါတယ်။
စစ်အုပ်စုဘက်က ပြုပြုင်ပြောင်းလဲမှု လုပ်လာအောင် လက်နက်မဝယ်နိုင်ရေး ကန့်သတ်တာမျိုးလို အရေးယူပိတ်ဆို့မှုတွေကို မြန်မာ့အရေး ချဉ်းကပ်ရာမှာ အမြင်ချင်းတူတဲ့ မလေးရှား၊ အင်ဒိုနီးရှားနဲ့ စင်ကာပူလို နိုင်ငံတွေနဲ့ ညှိနှိုင်းလုပ်ဆောင်ဖို့လည်း HRW က တိုက်တွန်းပါတယ်။