ဘားအံထောင်ထဲက နိုင်ကျဉ်း ၆၆ ဦးကို ကျိုက်မရောထောင်ဆီ လက်နက်နဲ့ခြိမ်းခြောက်ပြီး အဓမ္မရွှေ့ပြောင်း

ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင် (တောင်ကလေး) က နိုင်ငံရေးအကျဉ်းသား ၆၆ ဦးကို ကျိုက်မရောထောင်ဆီ လက်နက်နဲ့ ခြိမ်းခြောက်အင်အားသုံးပြီး အတင်းအဓမ္မရွှေ့ပြောင်းခဲ့ကြောင်း သိရပါတယ်။
ဒီနေ့မနက် ၆ နာရီလောက်မှာ အဓမ္မရွှေ့ပြောင်းခဲ့ခြင်းဖြစ်ပြီး ၆၆ ဦးထဲမှာ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူတွေလည်း ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာ မှာ ဖော်ပြထားပါတယ်။
ထောင်ပြောင်းရွှေ့ခြင်းခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေက ‘သွေးသစ္စာ’ သီချင်း သီဆိုကာ ပြန်လည်တုံပြန်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
မင်းအောင်လှိုင်ရဲ့လက်ကိုင်တုတ်ဖြစ်တဲ့ ထောင်ပိုင် ဇော်မင်း အောင်က ‘ဘယ်အဖွဲ့အစည်းမှ စောက်ဂရုမစိုက်လို့လက်နက်ကိုင်နယ်မြေမှာ ထောင်ပိုင်လာလုပ်တာကွ’ လို့ အော်ဟစ် ဆဲဆိုခဲ့ကြောင်းလည်း သိရပါတယ်။
တောင်ကလေးထောင်မှာ ကျန်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကလည်း ကြွေးကြော်သံတွေ ဟစ်ကြွေးကာ ဆက်လက် ဆန္ဒပြနေကြကြောင်း ဦးထွန်းကြည်က ဆိုပါတယ်။