ကျိုက်မရောထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ နှိပ်စက်ခံနေရ

မတ်၊ ၇

မွန်ပြည်နယ်၊ ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ အကျဉ်းသားအခွင့်အရေးတောင်းဆိုတဲ့ နိုင်ငံရေးအကျဉ်း သားတွေ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ နှိက်စက်ခံနေရတယ်လို့ ရှေ့နေတွေနဲ့ ပြန်လည်လွတ်မြောက် လာသူတွေဆီက သိရပါတယ်။

 ထောင်တွင်း အကျဉ်းသားအခွင့်အရေးရဖို့ တောင်းဆိုသူတွေကို ထောင်အာဏာပိုင်တွေက ပစ်မှတ်ထားဖိနှိပ် တိုက်ခိုက်မှုတွေလုပ်လေ့ရှိတယ်လို့ ကျိုက်မရောထောင်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။

 နေထိုင်စားသောက်ရေး၊ ကျန်းမာရေးကိစ္စတွေအပါအဝင်ထောင်တွင်း အဆင် မပြေမှုတွေကို ထောင်အာဏာပိုင် တွေဆီတင်ပြတောင်းဆိုတဲ့အခါတောင်းဆိုတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ညစ်ညမ်းတဲ့အသုံးနှုန်းနဲ့ ဆဲဆို အော် ငေါက်တာ၊ တိုက်ပိတ်ပြီး အစာမကျွေးတာတွေနဲ့ အသက်အန္တရာယ်စိုးရိမ်ရ တဲ့အထိ ညှင်းပမ်းနှိပ်စက် တာတွေ လုပ်နေတယ်လို့ ကျိုက်မရောအကျဉ်းထောင်ကပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူ တဦးက ပြောပါတယ်။

 “မှတ်မှတ်ရရဆိုရင် ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက် ကျွန်မ မလွတ်လာခင်ပေါ့၊ တောင်းဆိုတာမပေးလို့ စစ်ကိုင်းက ကိုထွန်းခင်နဲ့ နိုင်ကျဉ်းတချို့က အစာငတ်ခံဆန္ဒပြတာလေ၊ အဲဒီမှာ သူတို့က ဦးဆောင်ရကောင်းလားဆိုပြီး ရိုက် ထားတာ မြင်မကောင်းဘူး၊လက်တွေကလေ သစ်ရွက်တွေ လေတိုက်ရင် လှုပ်နေသလိုမျိုး ဖြစ်တာ၊ မျက်နှာ၊ ခေါင်းတလုံးလုံးကလည်း ရစရာမရှိဘူး၊ မသေရုံပဲ၊အထဲမှာ တော်ရုံဆေးကုခွင့်လည်းမပေး၊ အကိုက်အခဲ ပျောက်ဆေးပဲ ပေးတယ်၊ သူဆို တော်တော်လေး ခံလိုက်ရတယ်” လို့သူက ပြောပါတယ်။

 ကျိုက်မရောထောင်ထဲမှာ စစ်တပ်အာဏာသိမ်းမှုကို လက်မခံဘဲ ပုံစံအမျိုးမျိုးနဲ့ ဆန္ဒပြခဲ့သူတွေ၊ အမျိုးသားညီ ညွတ်ရေး အစိုးရ (NUG)၊ PDF နဲ့ ပတ်သက်ဆက်နွယ်သူတွေ၊ နိုင်ငံရေးနဲ့ပတ်သက်ပြီး အကြောင်းအမျိုးမျိုး ကြောင့် ဖမ်းဆီးခံထားရသူတွေအပါအဝင်  နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူ ၃၀၀ နီးပါးရှိနေတယ်လို့ သိရပါတယ်။

 “ကျွန်မအထဲမှာ ရှိတုန်းကဆိုရင် နိုင်ကျဉ်းသုံးယောက်က အစားအသောက်ကိစ္စရယ်၊ ကျန်းမာရေးကိစ္စရယ်၊ နောက်ပြီး မိသားစုနဲ့ တွေ့ခွင့်ရချင်လို့ တောင်းဆိုရင် ထောင်မှူးတွေကိုပေါ့၊ အဲလူတွေဆို နောက်နေ့မကူးဘူး၊ သူ တို့ ညှင်းပမ်းနှိပ်စက်တာပဲ၊ ဘာမှကို တောင်းဆိုလို့ကို မရဘူး၊ သူတို့ပေးတာစား၊ သူတို့ခိုင်းတာလုပ်ပဲ”လို့ ကျိုက် မရောထောင်က ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသူကပြောပါတယ်။

 ထောင်အာဏာပိုင်တွေက အကျဉ်းသားအခွင့်အရေးရဖို့တောင်းဆိုတဲ့နိုင်ငံရေးအကျဉ်းသားတွေကို အကြမ်း ဖက်ရိုက်နှက်နှိပ်စက်တာအပြင် ခေါ်ထုတ်သွားပြီးနော်အစအနပျောက်သွားသူတွေလည်းရှိပြီး ကျန်အကျဉ်းသား တွေကိုလည်း အသက်အန္တရာယ်ခြိမ်းခြောက်လေ့ရှိတယ်လို့ ဆိုပါတယ်။

“တချို့ဆို စစ်သားတွေလာခေါ်သွားတာရှိတယ်၊အဲဒီနိုင်ကျဉ်းတွေဆိုရင်ပြန်မရောက်လာဘူး၊သူတို့ပဲလက်စ ဖျောက် လိုက်တာလား၊ အဲလိုမျိုးဖြစ်စဉ်တွေဆို ကျွန်မဆို နှစ်ခေါက်လောက်ကြုံခဲ့ရတာ၊ပြန်မရောက်ဘူး”လို့ ကျိုက်မရောထောင်ကပြန်လွတ်လာတဲ့ အကျဉ်းသူကပြောပါတယ်။

 နိုင်ငံတဝှမ်းက အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေကို စစ်တပ်၊ ရဲနဲ့ စစ်ဘက်ဆိုင်ရာလုံခြုံရေး စရ ဖတွေကတိုက်ရိုက်စီမံခန့်ခွဲတာနဲ့ စောင့်ကြည့်တာတွေ ပြုလုပ်နေပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နှစ်လယ်လောက်ကစလို့ ထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ သတ်ဖြတ်ခံရမှုတွေ ဆိုးဆိုးဝါးဝါးဖြစ်လာတယ် လို့ နိုင်ငံရေးအကျဉ်းသားတွေကို အကူအညီပေးနေတဲ့ ရှေ့နေတဦးက ပြောပါတယ်။

 “သူတို့(စစ်တပ်၊ရဲ)ကို အခွင့်အာဏာပေးထားတဲ့သဘော၊ အကျဉ်းထောင်ဝန်ထမ်းတွေကတောင် သူတို့လောက် ပါဝါမရှိတဲ့ သဘောမှာ ရှိနေတယ်၊ အဲဒါကြောင်မို့လို့လဲ အထဲမှာ မတရားညှင်းပမ်းနှိက် စက်တာ၊ သတ်ဖြတ်တဲ့ ကိစ္စတွေဆို ပြင် ပပေါက်မှာဆိုးလို့လေ၊ သူတို့က အကုန်တိုက်ရိုက်စီမံနေတာပေါ့၊ သူတို့ရဲ့ ပစ်မှတ်က နိုင်ငံရေး အကျဉ်းသားတွေပဲ ဖြစ်နေတာပေါ့”လို့ သူကပြောပါတယ်။

 နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်း ထားတဲ့နှစ်နှစ်ကျော်အတွင်း နိုင်ငံတဝှမ်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူ(၁၉၉၈၂)ဦးရှိပြီး အဲဒီအထဲက (၃၈၃၈) ဦး ပြန်လည်လွတ်မြောက်လာတယ်လို့ ထုတ်ပြန်ထားပါတယ်။