မွန်ပြည်နယ်မှာ စစ်ကောင်စီက လိုင်စင်နဲ့ လက်နက်တွေ စတင်ထုတ်ပေးနေပြီ

ဧပြီ၊ ၄

မွန်ပြည်နယ်အတွင်းက လက်နက်ကိုင်ဆောင်ခွင့်လျှောက်ထားတဲ့သူတွေကို စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက လက်နက်တွေစတင် ထုတ်ပေးနေပြီးလို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းတွေထံမှ သိရပါတယ်။
 
နိုင်ငံနဲ့အဝှန်းလက်နက်ကိုင်တော်လှန်မှုကြောင့် အင်အားနည်းပါးလာတဲ့ စစ်ကောင်စီဟာ အင်အားဖြည့်တင်းမှုတရပ်အနေနဲ့ သာမန်အရပ်သားတွေအပါအဝင် နိုင်ငံဝန်ထမ်းတွေပါ လက်နက်လိုင်စင်ထုတ်ပေးဖို့ မူတရပ်ကို ဇန်နဝါရီလ ၃၁ ရက်စွဲနဲ့ ထုတ်ပြန်ပြီး နှစ်လကျော်အကြာမှာ စတင်ထုတ်ပေးနေတာပါ။
 
“ ပထမ ၁၀၀ လောက်၊ အခုဆို ၁၅၀ နီးပါးလောက်ရှိတယ်ပေါ့နော်။ စာရင်းမှာတော့၊ လျှောက်ထားတဲ့ သူတွေထဲက တချို့ကို စိစစ်ပြီးတော့၊ ခွင့်ပြုချက်လည်း ကျလာတာရှိတယ်။ သူတို့ကိုတော့ ဒီလအစပိုင်းမှာ စထုတ်ပေးနေတာရှိပြီ။ အားလုံးတော့ မဟုတ်ဘူး၊ နှစ်ဆယ်လောက်ပဲရှိသေးတယ်။ ထုတ်ပေးတာ၊ အခုထိပေါ့။ လျှောက်ထားတိုင်းလည်း မရပါဘူး။ အခု မွန်မှာ အနည်းစုပဲ ခွင့်ပြုချက်ကျတယ်လို့ ပြောရင် မမှားဘူးပေါ့ ” ဟု ၎င်းက ပြောပါတယ်။
 
အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လက်ချက်နဲ့ အစိုးရဝန်ထမ်း၊ အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီထောက်ခံသူပေါင်း ၅၄၄၃ ဦးသေဆုံး၊ ဒဏ်ရာရ ၄၅၇၇ ဦးရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
 
စစ်ကောင်စီဟာ အဲဒီအတွက်ကာကွယ်မှုတရပ် ပေးချင်တဲ့အတွက်လည်း ၁၉၇၇ ခုနှစ်၊ မေလ ၉ ရက်မှာပြဌာန်းခဲ့တဲ့ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို ပြင်ဆင်ဖြည့်စွက်ပြီး အသစ်ပြဌာန်းလိုက်တာဖြစ်နိုင်တယ်လို့လည်း လေ့လာသူတွေက သုံးသပ်ကြပါတယ်။
 
စစ်ကောင်စီရဲ့ ထုတ်ပြန်လိုက်တဲ့အရပ်သားတွေနဲ့ နိုင်ငံဝန်ထမ်းတွေကို လက်နက်ကိုင်ဆောင်ခွင့်မူအရဆိုရင် လိုင်စင်နဲ့ ကိုင်ဆောင်ခွင့်ပြုတဲ့ သေနတ်အမျိုးအစား၊ ပါမစ်နဲ့ ကိုင်ဆောင်ခွင့်သေနတ်အမျိုးအစားဆိုပြီး နှစ်မျိုးသတ်မှတ်ထားတာပါ။
 
လိုင်စင်နဲ့ ကိုင်ဆောင်ခွင့်ပြုတဲ့ သေနတ်တွေကတော့ ၃၈ လက်မနဲ့ ယင်းထက်ပြောင်းဝငယ်တဲ့ ဆုံလည်သေနတ်၊ ပစ္စတို သေနတ်၊ ပြောင်းချောသေနတ်၊ အမဲလိုက်သေနတ်နဲ့ လေသေနတ်တို့ ဖြစ်ကြပြီး ပါမစ်နဲ့ ကိုင်ဆောင်ခွင့်ပြုတဲ့ သေနတ်အမျိုးအစားမှာဆိုရင် ၃၈ လက်မနဲ့ ယင်းထက်ပြောင်းဝကျယ်တဲ့ ပစ္စတိုသေနတ်၊ ရိုင်ဖယ်သေနတ်တွေ၊ စက်သေနတ်ကလေးအုပ်စုဝင် သေနတ်တွေ ပါဝင်ပါတယ်။
 
ပါမစ်အရကိုင်ဆောင်ခွင့်ရမယ့် လက်နက်တွေကို သက်ဆိုင်ရာမြို့နယ်တွေမှာ မှတ်ပုံတင်စာရင်းသွင်းထားပြီးသားဖြစ်ရမယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပေမယ့် အခုစစ်ကောင်စီဘက်က ဘယ်လက်နက်အမျိုးအစားတွေကို ထုတ်ပေးနေတာ ဆိုတာကို တော့ ထည့်သွင်းပြောကြားခဲ့တာတော့ မရှိပါဘူး။
 
လက်ရှိ စစ်ကောင်စီက လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူထုတ်ပြန်ပြီး ၂ လကျော်အကြာမှာတော့ လျှောက်ထားတဲ့သူ ၁၅၀ ဦးနီးပါးရှိနေပြီး အဲဒီအထဲက တချို့ကိုတော့ ဧပြီလအစောပိုင်းမှာ သေနတ်တွေ စတင်ထုတ်ပေးနေပြီးလို့ မွန်ပြည်နယ်အစိုးရအဖွဲ့မှ အမည်မဖော်လိုတဲ့ ပြန်တမ်းဝင်အရာရှိတဦးက DNA ကို ပြောပါတယ်။
 
သေနတ်ထုတ်ပေးလိုက်တဲ့သူတွေထဲမှာ စီးပွားရေးလုပ်ငန်းရှင်အနည်းငယ်သာ ပါဝင်ပြီး အများစုကတော့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့ပစ်ခတ်မှု မကြာခဏဖြစ်ပွားနေတဲ့ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအပိုင်းက တာဝန်ရှိသူတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
 
“ လုပ်ငန်းရှင်တော့ ပါတယ်လို့ သိရတယ်။ နည်းပါတယ်။ အများစုကတော့ ရပ်/ကျေးအုပ်ချုပ်ရေးအပိုင်းက သူတွေပါ။ ဘယ်မြို့နယ်လဲ ဆိုတော့ တိတိကျကျပြောဖို့ အဆင်မပြေပါဘူး၊ အခုပစ်ခတ်မှု ဖြစ်ပွားနေတဲ့ မြို့နယ်အတွင်းက ကျေးရွာတွေဘက်ကို အဓိက ထုတ်ပေးတာလို့ ပြောလို့ရပါတယ် ” ဟု ၎င်းက ပြောပါတယ်။
 
ဒီပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ရေးတင်းမာမှု ရှိနေတဲ့ မြို့နယ်တွေက ရပ်/ကျေးအုပ်ချုပ်ရေးအပိုင်းတချို့ကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ လျှောက်ထားတာ ကျပြီးဆိုတာ မှန်ကန်ပေမယ့် သေနတ်တွေကတော့ သူတို့လက်ထဲ မရောက်ရှိသေးဘူးလို့ ပြောဆိုမှုတွေ ရှိသလို တချို့ကတော့ သက်ဆိုင်ရာမြို့နယ်တွေမှာ ရောက်ရှိနေပေမယ့် ထုတ်ယူခွင့်မပေးသေးဘူးလို့ DNA ကို ပြောပါတယ်။
 
“ ကျွန်တော်တို့ဆီ မရောက်သေးဘူး။ ကျွန်တော်တို့ သိထားတာက လျှောက်ထားမှုမှာ ခွင့်ပြုချက် ကျလာပြီပဲ။ သေနတ်က ကျွန်တော်တို့ လက်ထဲ မရောက်သေးဘူး။ တခြားမြို့နယ်တွေမှာတော့ မြို့နယ်မှာ သွားထုတ်ရမယ်။ ရောက်နေပြီပြောတယ်။ သူတို့လည်း ထုတ်ယူခွင့် မရသေးဘူးပြောတယ် ” ဟု ၎င်းက ပြောပါတယ်။
 
စစ်ကောင်စီဟာတဖက်မှာလည်း နယ်မြေအခြေအနေလိုအပ်ချက်အရ စစ်ရေးတင်းမာမှုရှိတဲ့ ဒေသတွေဘက်မှာ စစ်ကောင်စီက လက်အောက်ခံအဖွဲ့တွေဖြစ်တဲ့ ပြည်သူ့စစ်တွေ၊ စစ်မှုထမ်းဟောင်းတွေ၊ ပျူစောထီးတွေနဲ့ ထောက်ခံသူတချို့ကို တိုက်ရိုက် လက်နက်ထုတ်ပေးတာရှိတယ်လို့လည်း စစ်တပ်နဲ့နီးစပ်သူတွေက ပြောပါတယ်။
 
လက်ရှိ မွန်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာဆိုရင် စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က စစ်ရေးတင်းမာ နေတဲ့ အခြေအနေမှာ ရှိနေသလို မကြာခဏပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားနေတာပါ။
 
အဲဒီလို နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်ကလည်း အထိအခိုက်ကျအဆုံးများတဲ့အပြင် လူအင်အားဖြည့်တင်းဖို့ လိုအပ်ချက်ကြောင့် သူတို့ကို ထောက်ခံတဲ့ အစုအဖွဲ့တွေကို လက်နက်ထုတ်ပေးပြီး ပူးပေါင်းဆောင်ရွက်ခိုင်းနေတာရှိပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီနဲ့ပူးပေါင်းထားတဲ့ မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နယ်ခြားစောင့်တပ် BGF တွေကို ပစ်ခတ်မှု ဖြစ်ပွားနေတဲ့ နယ်မြေတွေမှာ လုံခြုံရေးကိစ္စတွေအတွက် ခေါ်ယူအသုံးပြုမှုတွေ ရှိလာတယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောဆိုနေကြပါတယ်။
 
စစ်ကောင်စီရဲ့ လက်နက်ကိုင်ဆောင်ခွင့်မူထုတ်ပြန်ပြီး စစ်အရာရှိဟောင်းတွေ၊ ဌာနဆိုင်ရာအရာရှိကြီးတွေ၊ ပဋိပက္ခများတဲ့ဒေသက အုပ်ချုပ်ရေးဝန်ထမ်းတွေအပါအဝင် ထောင်နဲ့ချီတဲ့ လက်နက်ကိုင်ဆောင်ခွင့် လျှောက်ထားကြတယ်လို့ ပြည်တွင်းသတင်းဌာနတွေက ဖော်ပြကြပါတယ်။
 
စစ်အာဏာသိမ်းအပြီး လက်နက်ကိုင်ပဋိက္ခတွေကြောင့် လုံခြုံမှုနည်းပါးပြီး မတည်မငြိမ်ဖြစ်နေတဲ့အခြေအနေမှာ လိုင်စင်နဲ့လက်နက်ကိုင်ဆောင်ခွင့်ဟာ ပဋိပက္ခတွေကို ပိုအားပေးစေပြီး အရပ်သားတွေကြားမှာ သွေးထွက်သံယိုမှုတွေလည်း များပြားလာနိုင်တယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။

ဓာတ်ပုံ – Social Media