သိမ်ဇရပ်မြို့အနီးတဝိုက်ကိုစစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးနောက် စစ်ကြောင်းထိုး

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အနီးတဝိုက်ကို ခမရ (၂၀၇)စစ်ကောင်စီတပ်ရင်းက မနေ့က ညပိုင်းကစလို့ဒီကနေ့ မနက်အထိ လက်နက်ကြီး​ အချက် နှစ်ဆယ်ကျော်ပစ်ခတ်ကာအနီးအနား ကျေးရွာတွေကိုစစ်ကြောင်းထိုးနေတယ်လို့ဒေသခံတွေကပြောပါတယ်။

သိမ်ဇရပ်မြို့အနီးကဝင်းကံ၊ကော့ကရစ်နဲ့ပိန္နဲကုန်းကျေးရွာဘက်တွေကို ခမရ (၂၀၇)တပ်ရင်းက မနေ့ ဇန်နဝါရီ (၅) ရက်ည ၉နာရီခွဲဝန်းကျင်ကနေဒီကနေ့ မနက် ၆ နာရီဝန်းကျင်အထိ လက်နက်ကြီး တွေပစ်ခတ်ခဲ့တာလို့ သိမ်ဇရပ်မြို့မှာနေထိုင်တဲ့ အမျိုးသမီးတဦးကပြောပါတယ်။

“မနက်မိုးလင်းမှပဲငြိမ်သွားတယ်၊ဝင်းကံ၊ကော့ကရစ်နဲ့ပိန္နဲကုန်းကျေးရွာတွေဘက်လို့သိရတယ်၊တမင်တ ကာပစ်နေတာလို့ထင်တယ်”လို့သူကပြောပါတယ်။

အဲ့ဒီလိုလက်နက်ကြီးတွေပစ်ခတ်ခဲ့ပြီး​နောက် ဒီကနေ့ မနက်ပိုင်းကစလို့ စစ်ကောင်စီတပ်အင်အား ၅၀ ကျော်နဲ့ အင်္ဂဘိုကျေးရွာအတွင်းစစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ဒေသခံတွေဆိုပါတယ်။

စစ်ကြောင်းထိုးခဲ့တဲ့စစ်ကောင်စီတပ်တွေဟာကျေးရွာထဲကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပြီးအင်အားအလုံးအရင်းနဲ့ဝင်ရောက်ကာကင်းပုန်းချတာတွေရှိနေတယ်လို့အင်္ဂဘိုကျေးရွာဒေသခံတစ်ဦးကဆိုပါတယ်။

“အခုကတော့တပ်သားတချို့ကပြန်ထွက်သွားတယ်၊တချို့တပ်သားတွေကရွာထဲမှာကင်းပုန်းဝပ်ပြီးကျန်နေတယ်”လို့အင်္ဂဘိုကျေးရွာဒေသခံတဦးကဆိုပါတယ်။

ဒါ့အပြင် မုပ္ပလင်-သိမ်ဇရပ် လမ်းဆုံအနီး မှာလည်း ဒီနေ့မနက်ပိုင်းကနေညနေ ၅နာရီ ကျော် အထိစစ်ကောင်စီတပ်အင်အား ရှစ်ဆယ်ဝန်းကျင်လောက်စစ်ကား၈စီးနဲ့ရောက်လာပြီး လုံခြုံရေးယူထားတယ်လို့ မုပ္ပလင်ရွာခံတဦးကပြောပါတယ်။

ဒါ့အပြင် ဒီကနေ့ မနက်ပိုင်းမှာ ပဲခူးတိုင်း ဝေါ မြို့ဘက်ကလာတဲ့  စစ်ကား ၁၂ စီးပါ ယာဥ်တန်း ကျိုက်ထိုမြို့ထဲရောက်လာတယ်လို့ ကျိုက်မြို့ခံတွေကပြောပါတယ်။

ကျိုက်ထိုမြို့နယ်အင်္ဂဘိုကျေးရွာအနီးရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ် မှာဇန်နဝါရီ (၅)ရက် မနက် ပိုင်းက ဝေါမြို့ကနေဘီလင်းမြို့ဘက်ထွက်လာတဲ့ စစ်ကား ​(၄)စီး ပါ ယာဥ်တန်းမိုင်းဆွဲခံရလို့ စစ်ကားတစ်စီးပျက်ဆီးခဲ့ကာစစ်ကောင်စီတပ်ဖွဲ့ဝင်ခုနှစ်ဦးထက်မနည်းထိခိုက်ဒဏ်ရာရခဲ့ပြီးနောက် စစ်ကောင်စီဘက်က အခုလို စစ်ရေးလှုပ်ရှားမှုတွေရှိလာတာလို့ ဒေသခံတွေကပြောပါတယ်။