ရိုက်နှက်ဖမ်းဆီးခံရတဲ့ မောင်နှမ၃ဦးကို နေ့ခင်းဘက်ပြန်လွှတ်ပြီး ညဘက်မှာ ပြန်ဖမ်း

ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ပဲခူးတိုင်း၊ ကဝမြို့နယ်အတွင်းရှိ မောင်နှမ ၃ ဦးကို နေ့ခင်းဘက်ပြန်လွှတ်ပြီး နောက်ညဘက် ပြန်ဖမ်းသွားပြန်တယ်လို့ သိရပါတယ်။
ကဝမြို့နယ်၊ ခမေကြီးကျေးရွာ၊ အနောက်ဘုရားကြီးကွင်း၊ ခမေကြီးဘုရား အဆင်းနားမှာနေတဲ့ မောင်နှမ ၃ ယောက်ကို မေ ၃ ရက်နေ့ညက ဖမ်းဆီးသွားပြီး မေ ၆ ရက်နေ့နေ့လယ်မှာ ပြန်လွှတ်ပေးကာ ၆ ရက်နေ့ညဘက်မှာပဲ စစ်တပ်ကထပ်ဖမ်းသွားခြင်းဖြစ်တယ်လို့ ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ Kawa Information က ဖော်ပြပါတယ်။
ဖမ်းဆီးခံရတဲ့ အစ်ကိုအကြီးဆုံးမှာ အသက် ၃၀ လောက်ရှိပြီး သာမန်လက်လုပ်လက်စားဖြစ်ကာ အလတ်မ အမျိုးသမီးမှာ နိုင်ငံရေးနဲ့ကင်းရှင်းသူ စက်ရုံဝန်ထမ်းဖြစ်ကြောင်း နယ်မြေခံတစ်ဦးက ပြောတယ်လို့ Kawa Information က ဆိုပါတယ်။
‘လာဖမ်းတုန်းက ၂၄ နှစ်လောက်ရှိတဲ့ အငယ်ဆုံးကောင်လေးကို သေနတ်နဲ့ထုရိုက်နေလို့ အစ်ကိုနဲ့ အစ်မက မလုပ်ဖို့ ဝင်တောင်းပန်တာကို အစ်ကိုကိုပါ သေနတ်ဒင်နဲ့ထုလို့ ခေါင်းကွဲသွားတယ်။ အလတ်မကိုလည်း စစ်ဖိနပ်တွေနဲ့ ဝိုင်းကန်ကြတာ နားနဲ့နှာခေါင်းတွေကပါ သွေးတွေကျတယ်’ လို့ နယ်မြေခံပြည်သူတစ်ဦးက ပြောပါတယ်။
အမျိုးသမီးဖြစ်သူမှာ ဗိုက်ခွဲထားတာ မကြာသေးတဲ့အတွက် ရိုက်နှက်အကန်ခံရတာကြောင့် အသက်အန္တရာယ် စိုးရိမ်ရကြောင်း နယ်မြေခံပြည်သူက ထပ်ပြောပါတယ်။
နောက်တစ်ခါ လာဖမ်းပြီးနောက် သူတို့ ၃ ဦးကို ကဝရဲစခန်းမှာပဲထားသလား၊ ပဲခူးပို့သလားဆိုတာကို မသိရသေးပါဘူး။
မောင်နှစ်မ ၃ ယောက် ဖမ်းဆီးခံရမှုမှာ သတင်းပေးဒလန် ငသန်းနဲ့ အပေါင်းအပါတို့ရဲ့ မမှန်မကန်ချောက်တွန်း တိုင်ကြားမှုကြောင့်လို့ သတင်းထွက်ပေါ်နေပေမဲ့ Kawa Information က အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။