မြို့ပြတိုက်ပွဲတွေမှာ စစ်တပ်ကို ခြိမ်းခြောက်နိုင်မယ့်မောင်းပြန်သေနတ် မကြာမီ မိတ်ဆက်မယ်

မြို့ပြတိုက်ပွဲတွေမှာ အကြမ်းဖက်စစ်တပ်အပေါ် အကောင်းဆုံးခြိမ်းခြောက်နိုင်မယ့် မောင်းပြန်သေနတ်ကို မကြာမီ မိတ်ဆက်တော့မယ်လို့ ပြည်သူ့စစ်သားစစ်လက်နက် ထုတ်လုပ်ရေးတပ်ဖွဲ့ (PSPT) က ထုတ်ပြန်ပါတယ်။
‘ဒီ project တွေရဲ့ Trial Production ဟာလည်း အောင်မြင်ပြီးသား ဖြစ်ပါတယ်။ Mass Production အဆင့် ထုတ်လုပ်နိုင်မယ့် အနေအထားထိရောက်အောင် လိုအပ်တဲ့ စက်ပစ္စည်း နဲ့ ကုန်ကြမ်းတွေအတွက် ပြည်သူတွေရဲ့ ထောက်ပံ့မှု ထပ်မံလိုအပ်နေပါသေးတယ်’လို့ PSPT ကဆိုပါတယ်။
Sub Machine Gun တစ်လက်ကို ကျပ်သိန်း ၅၀ နီးပါး စျေးကွက်ထဲ ပေးဝယ်နေရချိန်မှာ ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ စျေးနှုန်း ၄ ဆ လောက် သက်သာတဲ့ မောင်းပြန်တွေကို ပြည်သူ့ကာကွယ်ရေး တပ်သားတွေအတွက် ထုတ်လုပ်ပေးမှာဖြစ်ပြီး ဘာတွေ ထပ်မံ‌ထုတ်လုပ်ထားသလဲဆိုတာကိုလည်း ပြည်သူတွေကို မကြာခင် ချပြသွားဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။
ထုတ်ပြန်ထားခဲ့တဲ့ Project A1 သေနတ်တွေကို အမြောက်အမြား ထုတ်လုပ်ဖြန့်ချိနေပြီး လက်နက်လိုအပ်လို့ ချိတ်ဆက်ထားတဲ့ တော်လှန်ရေးအင်အားစုတွေဆီ ထောက်ပို့တပ်သားတွေရဲ့ နာမည်တွေနဲ့ ပေးအပ်ပြီးဖြစ်သလို ကျန်ရှိနေတဲ့ ထုတ်လုပ်နေဆဲ လက်ကျန် သေနတ်တွေကိုလည်း မကြာမီ ပို့ဆောင်ပေးနိုင်တော့မယ်လို့ PSPT က ထုတ်ပြန်ပါတယ်။