ဘုတလင် ရဲစခန်းကို လက်နက်ကြီး ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဘုတလင် ရဲစခန်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့ တစ်ဖွဲ့က လက်နက်ကြီး ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဖေဖေါ်ဝါရီ ၁၅ ရက်နေ့ ညဦးပိုင်းမှာ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေး စာမျက်နှာ ဘုတလင်နေ့စဉ်သတင်းက ဖော်ပြပါတယ်။
‘ကျွန်တော်တို့နယ်တွေရဲ့ ကိုယ့်ဘာသာ တီထွင်ထုတ်လုပ်နိုင်ခြင်း အထိမ်းအမှတ်ပေါ့။ လက်နက်ကြီးနဲ့ ခပ်လှမ်းလှမ်းကနေ ပစ်ခတ်နိုင်တာဆိုတော့ ရဲဘော်တွေလည်း အန္တရာယ်ကင်းတယ်။ လက်နက်ကြီးက ထိချက်မှန်ရင် ထိခိုက်မှုလည်း ပြင်းထန်တာပဲ။ ဒီကောင်တွေ မြို့ပေါ်မှာ နေလို့မရအောင် လုပ်နေကြတာ’ လို့ ယင်းမာပင်မြို့နယ်အတွင်းရှိ တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောပါတယ်။
ဘုတလင်ရဲစခန်းအတွင်း ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးပေမဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဘုတလင်နေ့စဉ်သတင်းက ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်အုပ်စုတပ်စွဲထားတဲ့ စုပေါင်းရုံးနဲ့ရဲစခန်းကို ဒေသခံတော်လှန်ရေးအင်အားစုတွေက ဖေဖေါ်ဝါရီ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ၃ ရက်ဆက်တိုက် လက်နက်ကြီးနဲ့အချက် ၁၂၀ ကျော်ပစ်ခတ်ခဲ့ပြီး ဒရုန်းနဲ့ ဗုံးပစ်ချခဲ့ရာ သေဆုံးဒဏ်ရာရများနိုင်တယ်လို့ မုံရွာခရိုင်တပ်ရင်း ၂ (Chindwin Attack Force) က သတင်းထုတ်ပြန်ပါတယ်။