သတင်းအမှားတွေ့ ယုံမိနေလို့ ရှာဖွေရေးတွေမှာ စစ်အုပ်စုတွေ လက်ဗလာနဲ့ ပြန်လာရတဲ့ ဖြစ်စဉ်တွေများပြားလာ

၂၆၊ဇန်နဝါရီလ၊၂၀၂၂။

သတင်းအမှားတွေကို ယုံကြည်ပြီး အုပ်စုလိုက် ရှာဖွေစစ်ဆေးရေးတွေ လုပ်တတ်တဲ့ စစ်အုပ်စုတွေ ဟာ ပြည်သူတွေရဲ့ နေအိမ်တိုက်ခန်းတွေကို ရုတ်တရက် ၀င်စီးစစ်ဆေးတာတွေ ခပ်စိတ်စိတ် ပြုလုပ်လာခဲ့ပေမယ့် မှားယွင်း ရှာဖွေမိတဲ့ ဖြစ်စဉ်တွေ များပြားလာနေတယ်လို့ ရန်ကုန်မြို့ခံတွေ စီက စုံစမ်းသိရပါတယ်။

ဇန်န၀ါရီ ၂၃ရက်တုန်းက တောင်ဥက္ကလာဝေဒဟလမ်းထိပ်က တိုက်ခန်းတစ်ခုကို စစ်အုပ်စုတွေ အုပ်စုလိုက် လမ်းတွေပိတ်ပြီး အရေးတကြီး ပုံစံနဲ့ ၀င်စီး စစ်ဆေးခဲ့ပါတယ်။ ဗုံးသတင်းရလို့ ဆိုပြီး စစ်အုပ်စုတွေ လာရောက်စစ်ဆေးခဲ့တာလို့ သိရပြီး ဒီဖြစ်စဉ်မှာ စစ်အုပ်စုတွေ ဘယ်အရာကိုမျှ ရှာဖွေတွေ့ရှိသွားခဲ့ခြင်း မရှိတာကို တွေ့ရပါတယ်။

  ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်အုပ်စုတွေဟာ သင်္ဃန်းကျွန်းမြို့နယ်အတွင်းက တိုက်ခန်းတစ်ခုကို စစ်အုပ်စုတွေ ၀င်စီးစစ်ဆေးခဲ့တယ်လို့ သိရပြီး အဲ့ဒီဖြစ်စဉ်မှာလည်း စစ်အုပ်စုတွေ လက်ဗလာနဲ့ပဲ ပြန်သွားရတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

 “ ဟိုနှစ်ရက်ကပဲဗျ။ လမ်းမတန်းက တိုက်ခန်းတစ်ခုကို ၀င်စီးကြတာ။ PDF သတင်းရလို့ လို့ပြောကြတာပဲ။ ပြီးတော့ ဘာမှ မတွေ့ပါဘူး။ တိုက်ခန်းက လူတောင်မနေဘူး။” လို့ မြို့ခံတစ်ဦးကပြောပါတယ်။

 စစ်အုပ်စုတွေဟာ မြို့ပြ ပျောက်ကြားဆန္ဒပြမှု ဦးဆောင်သူတွေကို သဲကြီးမဲကြီးရှာဖွေနေပုံရတယ်လို့လည်း ဗကသအဖွဲ့ချုပ်က ကျောင်းသားတစ်ဦးက ပြောပါတယ်။

 “UG ဘက်တော့ နည်းနည်းထိတယ်ဗျ။ တစ်ခုက သပိတ်တွေ ကျွန်တော်တို့ ဗကသက ပြန်လုပ်တော့ မြို့နယ်ကို ဖိချင်တာလည်း ပါနိုင်တယ်ဗျ။ “ လို့ သူကပြောပါတယ်။

ရန်ကုန်မှာ ရှောင်တခင် ဧည့်စာရင်းစစ်ဆေးမှုတွေ လည်းများပြားလာနေပြီး စစ်အုပ်စုတွေဟာ သူတို့ ဖမ်းဆီးထားတဲ့ သူကို ပြန်လည်ရှာဖွေမိတဲ့ ဖြစ်စဉ်တွေလည်း ဖြစ်နေတယ်လို့ သိရပါတယ်။

 “ သူငယ်ချင်းတစ်ယောက်ရဲ့ အစ်ကိုကိုလာရှာတာ။ သူ့အိမ်ကို သွားမေးကြတာလေ။ အဲ့ဒီမှာ အန်တီက နင်တို့ပဲ ဖမ်းတာတယ်လေဆိုတော့မှ မျက်နှာတွေပျက်ပြီး ပြန်သွားကြတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုဟာ လူထုကို ကြောက်လှန့်အောင် အခုလို မရေရာတဲ့ စစ်ဆေးမှုတွေနဲ့ မကြာခဏ ခြောက်တတ်ပေမယ့် ပြည်သူတွေကတော့ ဖေဖော်ဝါရီ ၁ရက်နေ့မှာလည်း အသံတိတ်သပိတ်ကို တညီတညာတည်း ဆင်နွှဲကြဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။