စစ်ခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူခြင်းအစား နိုင်ငံတကာတရားရုံးကို လွှဲပြောင်းရမယ်လို့ AI တောင်းဆို

၂၈၊ဇန်နဝါရီလ၊၂၀၂၂။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူ တာတွေအ စား နိုင်ငံတကာတရားရုံးကို လွှဲပြောင်းရမယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့( AI ) ကတောင်းဆိုလိုက်ပါတယ်။

မြန်မာ့အရေး နိုင်ငံတကာရဲ့ အရေးယူဆောင်ရွက်မှုတွေ နှောင့်နှေးကြန့်ကြာနေတဲ့အပေါ် AI က ကြေညာချက်ထုတ်ပြန် ဝေဖန်ရာမှာ အဲဒီလိုဖော်ပြထားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့နှောင့်နေးမှုတွေကို ရပ်တန့်ပစ်ရမှာဖြစ်သလို ကမ္ဘာ့လက်နက်ဝယ်ယူခွင့် ပိတ်ဆို့ဒဏ်ခတ်တာတာတွေအစားစစ်ခေါင်းဆောင်တွေကို နိုင်ငံတကာတရားရုံးကို လွှဲပြောင်းရမယ်လို့ လည်းAI ကပြောပါတယ်။

အာဆီယံအနေနဲ့လည်း အရပ်သားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်တာတွေ ချက်ချင်းရပ်တန့်ဖို့ စစ်တပ်ကို တောင်းဆိုတာ၊ အာဆီယံဘုံ သဘောတူညီချက် ငါးရပ်ကို ရှင်းလင်းတိကျတဲ့ အချိန်သတ်မှတ်ချက်ထား အကောင်အထည်ဖော်ရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေပိတ်ဆို့ထားတာတွေကို ရပ်တန့်ဖို့ မြန်မာစစ်တပ်ကို ဖိအားပေးတာတွေ ဆောင်ရွက်သင့်တယ်လို့လည်း AI ကထုတ်ပြန်ပါတယ်။

AI အဖွဲ့ရဲ့အခုလို ထုတ်ပြန်ချက်ဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ထင်ဟပ်တယ်လို့ ရန်ကုန်အခြေစိုက် နိုင်ငံ ရေးသုံးသပ်သူတစ်ဦးကပြောပါတယ်။

‘ကုလသမဂ္ဂရဲ့ နောက်ဆက်တွဲအရေးယူမှုမပါတဲ့ ပြင်းထန်စွာပြစ်တင်ရှုတ်ချတယ်ဆိုတာတွေ၊ဝမ်းနည်းရပါ တယ်ဆိုတာတွေကို မြန်မာပြည်သူတွေစိတ်ကုန်နေတာကြာပါပြီ။ကုလဟာ အသံသာကျယ်ပြီး အဆန်မရှိတဲ့ အပေါ် မြန်မာပြည်သူတွေစိတ်ပျက်နေကြပြီ။မြန်မာပြည်သူတွေကို ပစ်မှတ်ထားသတ်ပစ်နေတာတွေကို ကုလ သမဂ္ဂက မြင်ပေမဲ့ မသိချင်ယောင်ဆောင်နေတဲ့အပေါ် ကုလရဲ့ အခန်းကဏ္ဍကို မြန်မာပြည်သူတွေ မေးခွန်း ထုတ်နေကြပါပြီ။အဲဒီလိုပဲအာဆီယံရဲ့ အချိန်ကန့်သတ်ချက်မပါတဲ့ မူ၅ချက်အပေါ်လည်း မြန်မာပြည်သူတွေ စိတ်ပျက်ရပါတယ်’လို့ သူကဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့ စိုးရိမ်စရာကောင်းတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဆောင်ရွက်ချက်တွေ ကြန့်ကြာနေဦးမယ်ဆိုရင် လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းဟာ ပိုဆိုးရွားလာမယ်လို့ AI ရဲ့ဒေသဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး Ming Yu Hahက ပြောပါတယ်။

‘အကျိုးဆက်ကတော့ စစ်တပ်ဟာ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေပြီး သူ့အမိန့်ကိုဆန့်ကျင်တဲ့ ဘယ်သူ့ကိုမဆို သုတ်သင်ရှင်းလင်းတာတွေကို မျက်နှာပြောင်တိုက်ပြီး တိုးပြီးတော့ ဆောင်ရွက်လာတယ်’ လို့ သူကပြော ပါတယ်။