၂လခွဲကျော်မှာ ဧရာဝတီတိုင်း စစ်အုပ်စုပစ်မှတ်တွေကို အကြိမ်၈၀ကျော် တိုက်ခိုက်နိုင်ခဲ့

၂၊ ဒီဇင်ဘာလ၊ ၂၀၂၁။

NUG အစိုးရက နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာသည့် စက်တင်ဘာ၇ရက်နေ့ကနေ နိုဝင်ဘာ၃၀ရက်နေ့အထိ ဧရာဝတီတိုင်းအတွင်းရှိ အကြမ်းဖက်စစ်အုပ်စုပစ်မှတ် တွေကို ၈၅ကြိမ် တော်လှန် တိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။

ဧရာဝတီတိုင်း တော်လှန်ရေးအင်အားစုတွေဟာ စစ်ရေးပစ်မှတ်၁၃ခု၊စီးပွားရေးပစ်မှတ်၂၂ခုနဲ့အုပ်ချုပ်ရေးပစ် မှတ် အခု၅၀တို့ကို တော်လှန်တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဧရာဝတီတိုင်းတော်လှန်ရေးသတင်းဌာနက ဒီကနေ ထုတ်ပြန်ပါတယ်။

နိုဝင်ဘာလအတွင်း လှုပ်ရှားမှု ၂၅ ကြိမ် ဆောင်ရွက်နိုင်ခဲ့တဲ့အပြင် ပုသိမ်-ချောင်းသာ ဝန်ကြီးကားတန်း မိုင်းဆွဲတိုက်ခိုက်မှု၊ ပုသိမ်အသည်ကြီးရဲစခန်းဟောင်း ဝင်ရောက်ပစ်ခတ်မှု စတဲ့ ပိုမိုအားကောင်းလာတဲ့ လက်နက်ကိုင်တော်လှန်ရေးအသွင်ကို ဖော်ဆောင်လာနိုင်တယ်လို့ ဆိုပါတယ်။

‘စစ်အုပ်စုခန့်တဲ့ဝန်ကြီးအဆင့်ကားတန်းကို တိုက်ခိုက်နိုင်တာ ကျွန်တော်တို့ဧရာဝတီတိုင်းက စတင်တယ်လို့ ထင်ပါတယ်။ကျွန်တော်တို့ပြီးမှ စစ်ကိုင်းဘက်မဟာမြိုင်နားမှာ မင်းအောင်လှိုင်ခန့်တဲ့ဝန်ကြီးချုပ်ယာဉ်တန်း အပစ်ခံရတာ။ဒါဟာ ကျွန်တော်ဧရာဝတီတိုင်း အင်အားစုအတွက်ဂုဏ်ယူစရာပါ’လို့ ဧရာဝတီတိုင်းအတွင်းရှိ CDM ဆရာတစ်ဦးကပြောပါတယ်။

တိုက်ပွဲတွေကို အောင်မြင်စွာဆက်လက်ဖော်ဆောင်နိုင်ဖို့အတွက် အကြမ်းဖက်စစ်အုပ်စုနဲ့ပတ်သက်တဲ့ အရေးကြီးသတင်းရင်းမြစ်တွေ လိုအပ်တဲ့အတွက် ပြည်သူတွေအနေနဲ့ ဧရာဝတီတိုင်းတော်လှန်ရေးသတင်း ဌာနကို စစ်အုပ်စုနဲ့သူတို့အနွယ်တွေရဲ့ လှုပ်ရှားမှုမှန်သမျှကိုသတင်းပေးပို့ကြဖို့လည်း တိုက်တွန်းထားပါတယ်။