ချင်းတွင်းမြစ်ထဲ စစ်ထုတ်ကုန်ဘီယာတွေကို ဖမ်းမိပေမဲ့ စက်လှေဆရာတွေ ပြန်လျော်ရမှာငဲ့ပြီး ပြန်လွှတ်

၂၊ ဒီဇင်ဘာလ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုထုတ်ကုန် ဘီယာတွေတင်လာတဲ့ စက်လှေနှစ်စီးကို ချင်းတွင်းမြစ်ထဲမှာ ဖမ်းမိပေမဲ့ စက်လှေဆရာတွေ ပြန်လျော်ပေးရမယ့်အရေးကိုငဲ့ပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ နှလုံးလှလူမိုက်ကြီးများ အဖွဲ့(မြင်းခြံ)က ထုတ်ပြန်ပါတယ်။

ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်တပ်ပိုင် BOC စက်သုံးဆီတွေ ကို စက်လှေနှစ်စီးနဲ့ သယ်လာကြောင်း သတင်းအရ နှလုံးလှ လူမိုက်ကြီးများအဖွဲ့နဲ့ Brothers Revolution Force(မြောင်)တို့ပူးပေါင်းပြီး ကင်းလှည့်စစ်ဆေးခဲ့ရာ စက်သုံးဆီကိုမတွေ့ရဘဲ မြန်မာဘီယာနဲ့ဒဂုံဘီယာတို့ကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

စက်လှေနှစ်စီးကို သေနတ်ပစ်ဖောက် ခြောက်လှန့်ပြီး ကမ်းကပ်စေခဲ့ရာ ဘီယာတွေကို တွေ့တာကြောင့် ဖျက်ဆီးဖို့ ရည်ရွယ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့၊စက်လှေဆရာက ” အစ်ကိုတို့က စကစပိုင်ပစ္စည်းများမို့ ဖျက်ဆီးမှာဖြစ်ပေမယ့် ခုပစ္စည်များရဲ့ ပျက်စီးမှု တန်ဖိုးအတိုင်း ကျွန်တော်တို့က လျော်ပေးရမှာဖြစ်နေလို့ပါဆရာ။ အဲဒါကြောင့် မို့ ဒီတစ်ခါ ခွင့်လွှတ်ပါ” လို့ တောင်းပန်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလိုတောင်းပန်ခြင်းနဲ့ စက်လှေမောင်းသူတွေဟာ အကြမ်းဖက်စစ်တပ်သတင်းပေးနဲ့ ပျူစောထီးတွေ မဟုတ်တာကြောင့် ဘီယာအနည်းငယ်ကိုသာ သတိပေးတဲ့အနေနဲ့ မြစ်ထဲပစ်ချဖျက်ဆီးခဲ့တယ်လို့ နှလုံးလှ လူမိုက်ကြီးများအဖွဲ့(မြင်းခြံ)က ထုတ်ပြန်ပါတယ်။