ချင်းတွင်းမြစ်ကြောအတိုင်း ဆန်တက်လာတဲ့စစ်တပ်မော်တော် တိုက်ခိုက်ခံရ၊ ၄ ဦး သေဆုံးတယ်လို့ပြော

ချင်းတွင်းမြစ်ကြောအတိုင်း အထက်ကို ဆန်တက်လာတဲ့ စစ်တပ် မော်တော်ကို ချောင်းဦးဒေသခံကာကွယ်ရေးတပ်ဖွဲ့ (CHU LDF) က ချုံခိုတိုက်ခိုက်ခဲ့ရာ ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဇွန် ၁၂ ရက်နေ့၊ မွန်းလွဲ ၂ နာရီလောက်မှာ ချောင်းဦး LDF ရဲ့ အထူးပြောက်ကျား စစ်သည်တော်တွေဟာ ချင်းတွင်းမြစ်ကြောတစ်နေရာမှာ အသင့်စောင့်ဆိုင်းကာ လက်လုပ် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ချုံခိုတိုက်ခိုက်ခဲ့ရာ မိနစ်အတန်ကြာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခဲ့ကြကြောင်း CHU LDF က ထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း စစ်သား ၄ ဦး လဲကျသွားတာကို ပြောက်ကျားစစ်သည်တွေက မျက်မြင်တွေ့ခဲ့ကြောင်း ဆိုပါတယ်။
ဒေသခံပြောက်ကျားစစ်သည်တွေ ထိခိုက်မှု လုံးဝမရှိဘူးလို့ လည်း ဆိုပါတယ်။
အဲဒီမော်တော်ဟာ ပျူစောထီးတွေကြီးစိုးထားတဲ့ ကံကြီးကုန်းရွာကို ရိက္ခာပို့ပြီးနောက် အမြင့်စံပြကျေးရွာမှာ စစ်သားနဲ့ ပျူစောထီးတချို့ကို ချန်ထားကာချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ် တိုက်ခိုက်ခံရခြင်း ဖြစ်ပါတယ်။