ချင်းတွင်းမြစ်ထဲ ဆန်လာတဲ့စစ်ရေယာဉ် တိုက်ခိုက်ခံရ

၂၉၊ စက်တင်ဘာလ၊ ၂၀၂၁။

ချင်းတွင်းမြစ်ထဲ ဆန်တက်လာတဲ့ စစ်ရေယာဉ်ကို ဒေသခံကာကွယ်ရေးတပ်တွေက စစ်ကိုင်းတိုင်း၊ကနီမြို့ နယ်အရောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

ဒီနေ့မနက် ၆နာရီကျော်လောက်က စစ်ရေယာဉ်ဟာ ကနီမြို့နယ်ထဲအရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် တွေအနေနဲ့ အထိအခိုက်လုံးဝမရှိဘူးလို့ ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ နဲ့နီးစပ်သူ ကနီမြို့သားတစ်ဦးကဆိုပါတယ်။

‘လောလောဆယ်ကျွန်တော်တို့ဆီရောက်လာတဲ့သတင်းအရ ကိုယ့်ဘက်က လုံးဝအထိအခိုက်မရှိဘူးဆိုတာပဲ။ စစ်ခွေးတွေ ဘယ်လောက်ကျ၊မကျ ဆိုတာတော့ မသိရသေးဘူး’လို့ သူကပြောပါတယ်။

တိုက်ခိုက်ခြင်းခံရတဲ့ အဲဒီစစ်ရေယာဥ်ဟာ နောက်ပြန်ကွေ့မသွားဘဲ အထက်ဘက်ကို ဆက်လက်ဆန် တက်သွားတယ်လို့သိရပါတယ်။

‘စစ်ရေယာဉ်ပေါ် ဘာတွေတင်လာသလဲတော့မသိဘူး။အကြမ်းဖက်စစ်သားတွေပါလာတာတော့သိ တယ်’လို့ သူကဆက်ပြောပါတယ်။

စက်တင်ဘာ၂၈ရက်နေ့ကလည်း စစ်သားတွေလိုက်ပါလာတဲ့ အမြန်ရေယာဉ် တစ်စီးရဲ့ စောင့်ရှောက်မှုနဲ့ ထွက်ခွါလာတဲ့ မော်တော်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့ပါသေးတယ်။အဲဒီမော်တော်မှာ စစ်အသုံးအဆောင်ပစ္စည်းတွေတင်ဆောင်လာတယ်လို့သိရပါတယ်။

ပုံဟောင်းကို အသုံးပြုထားပါတယ်။