သူသာ ပီအက်စ်ဂျီအသင်းသားဖြစ်နေရင် မက်ဆီကို လှဲပြီး ဘောလုံးလမ်းကြောင်း ကာခိုင်းမှာမဟုတ်ဘူးလို့ ဖာဒီနန်ပြော

၂၉၊ စက်တင်ဘာလ၊ ၂၀၂၁။

ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ မန်စီးတီးအသင်းတို့ပွဲစဉ်မှာ မက်ဆီအနေနဲ့ လူတံတိုင်းကာချိန်မှာ ကိုယ်ခန္ဓာကိုမြေပြင်ပေါ်လှဲပြီး အသင်းအတွက် ကာကွယ်ပေးခဲ့ပါတယ်။

ဒီအခိုက်အတန့်နဲ့ ပတ်သက်ပြီး ပရိသတ်တချို့အပြင် ဘောလုံးသုံးသပ်သူတချို့က ဝေဖန်နေကြပေမယ့်လည်း တချို့ကတော့ မက်ဆီရဲ့ စိတ်နေသဘောထားကို ချီးကျူးခဲ့ကြပါတယ်။

အများစုကတော့ အဲ့ဒီလို လှဲချပြီး ဘောလုံးလမ်းကြောင်း ကာတဲ့အလုပ်ဟာ ဘလွန်းဒီအော့ဖ် ၆ ကြိမ်ရထားတဲ့ တိုက်စစ်မှူးတစ်ယောက်လုပ်ရမယ့် အလုပ်မဟုတ်ဘူးလို့ ပြောဆို သုံးသပ်ထားကြပါတယ်။

ဒါပေမဲ့ မက်ဆီကတော့ ပီအက်စ်ဂျီအသင်း အကျိုးအတွက် ကျရာနေရာကနေ လုပ်ဆောင်ပေးခဲ့လို့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရေးကြီးခွင်ကျယ် မရှိဘဲ တိတ်ဆိတ်နေခဲ့ပါတယ်။

မန်ယူနောက်ခံလူဟောင်း ဖာဒီနန်ကတော့ “ကျွန်တော်သာ ပီအက်စ်ဂျီအသင်းသားဖြစ်နေရင် No လို့ ပြောပြီး သူ့အစား လှဲချကာကွယ်ပေးမှာပါ”လို့ ထုတ်ဖော်ပြောပါတယ်။

ဒါအပြင် ဖာဒီနန်က ဒီအလုပ်တွေဟာ တိုက်စစ်မှူး မက်ဆီလုပ်ရမယ့် အလုပ်မဟုတ်ဘူးလို့လည်း ပြောပါတယ်။

မက်ဆီအနေနဲ့ ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးပြီး ဆရာဟောင်းဖြစ်သူ ကိုင်တွယ်နေတဲ့ မန်စီးတီးအသင်းကို အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီသွင်းဂိုးဟာလည်း ပီအက်စ်ဂျီအသင်းအတွက် သူ့ရဲ့ ပထမဆုံး သွင်းဂိုးဖြစ်ခဲ့ပါတယ်။

မန်စီးတီးနည်းပြဂွါဒီယိုလာက “မက်ဆီရဲ့ သွင်းဂိုးက သိပ်ကောင်းပါတယ်။ သူ့ကို မိနစ် ၉၀ လုံး ထိန်းချုပ်ဖို့ ဆိုတာမဖြစ်နိုင်မှန်းသိတယ်”လို့ မက်ဆီအတွက် ချီးကျူးခဲ့တာပါ။

မက်ဆီဟာ သွင်းဂိုးကို ပွဲကစားချိန် ၇၄ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပြီး အမ်ဘာပေရဲ့ အလိုက်သင့်နောက်ပေါက်နဲ့ ချပေးတာကို ဘီးကုတ်စက်ဝိုင်းထိပ် ကျော်ကျော်နားကနေ အသာအယာပဲ လှလှပပ သွင်းယူပေးခဲ့တာပါ။