ဒေါ်လာတွေ ဘယ်ရောက်ကုန်သလဲ

၂၉၊ စက်တင်ဘာလ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်း ၇လကျော်အကြာမှာ မြန်မာ့စီးပွားရေးဟာ အနုတ် ၁၈ဒသမ ၄ရာခိုင်နှုန်းအထိ ထိုးဆင်းသွားခဲ့ပြီး ငွေကြေးဖောင်းပွမှုဟာ ၆ဒသမ၂ရာခိုင်နှုန်းတက်လာကာ အာဆီယံမှာ မြန်မာနိုင်ငံက ငွေကြေးဖောင်းပွမှု အမြင့်ဆုံးဖြစ်လာခဲ့တယ်လို့ ADBရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

စက်တင်ဘာလ ၂၈ရက်နေ့ညနေပိုင်း စျေးကွက်ပိတ်ချိန်မှာ ပြည်တွင်း အခေါက်ရွှေစျေးနှုန်းဟာ တစ်ကျပ်သားကို ၂၂၂၀၀၀၀ ကျပ်အထိ ရောက်ရှိသွားပြီး ၂၇ရက်နေ့မှာ ၂၀၅၀၀၀၀ ကျပ်ကနေ တစ်ရက်အတွင်း ၁၇၀၀၀၀ ကျပ်ကို ချက်ခြင်း မြင့်တက်သွားခြင်းပဲဖြစ်ပါတယ်။ ဗဟိုဘဏ်က ဒေါ်လာစျေးကို ၁၇၅၅ကျပ်နဲ့ လေလံထုတ်ရောင်းနေချိန်မှာ ဘာလို့ ဒေါ်လာစျေးနှုန်းလဲ ကျဆင်းလာခြင်းမရှိဘဲ ရွှေစျေးနှုန်းပါ ခုန်တက်သွားရတာလဲ။

ဒေါ်လာစျေးနှုန်းဟာ ပြင်ပစျေးကွက်အတွင်းမှာ ဒီကနေ့ ညနေပိုင်း စျေးကွက်ပိတ်ချိန်ပေါက်စျေးဟာ အမေရိကန် တစ်ဒေါ်လာကို ၂၅၀၀ကျပ်အထိ ရှိနေပါတယ်။ သမိုင်းတလျှောက် မကြုံခဲ့ဖူးတဲ့ စျေးနှုန်းတစ်ခုဆိုပေမဲ့ စျေးကွက်ပညာရှင်တွေအားလုံးကတော့ စက်တင်ဘာလ မကုန်မှီ ၃၀၀၀ကျပ်အထိ ရောက်ရှိမယ်လို့ မျှော်မှန်းထားပါတယ်။

အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းယူပြီးနောက်ပိုင်းမှာ ဗဟိုဘဏ်ကနေ စျေးပြိုင်လေလံစနစ်နဲ့ အမေရိကန်ဒေါ်လာ ထုတ်ရောင်းခဲ့တာ ၃၆ကြိမ်အထိ ရှိခဲ့ပြီး ကန်ဒေါ်လာ ၁၈၄ ဒဿမ ၈ သန်းအထိ ထုတ်ရောင်းခဲ့တာပါ။ စျေးကွက်ကျွမ်းကျင်ပညာရှင်တွေရဲ့ သုံးသပ်ချက်တွေအရ ပုံမှန်လည်ပတ်နေတဲ့ စီးပွားရေးဖြစ်စဉ်တစ်ခုမှာ အခုလောက်ထိ ဒေါ်လာထုတ်ရောင်းပြီး ထိန်းကျောင်းစရာမလိုဘူးလို့ ဆိုပါတယ်။

ရောင်းစျေး၊ဝယ်စျေးကွာဟချက် စံနှုန်း ၀ဒသမ၈ရာခိုင်နှုန်းကို ပြန်အသက်သွင်းလိုက် ပြန်လည်ပယ်ဖျက်လိုက်နဲ့ လုပ်ဆောင်ခဲ့တဲ့ ဗဟိုဘဏ်ဟာ ဒေါ်လာစျေးနှုန်းကို အခုချိန်ထိ ထိန်းချုပ်နိုင်ခြင်း မရှိပါဘူး။

“အပြင်မှာက ဒေါ်လာရောင်းမဲ့သူက တကယ်မရှိဘူး၊ ဝယ်မဲ့သူပဲရှိတယ် စျေးကွက်ထဲမှာ ဒေါ်လာကို မရှိတာ၊ ဘဏ်တွေမှာလဲ ရောင်းမပေးဘူး အပြင်စျေးကွက်မှာလဲ မရှိဘူး၊ ဗဟိုဘဏ်က ပြင်ပစျေးကွက်ထဲကို ပို့နေတဲ့ ဒေါ်လာတွေက စျေးကွက်ထဲကို တကယ်ရောက်မလာဘူး”လို့ ဆူးလေအနီးတဝိုက်မှာ ဒီကနေ့ ကိုယ်တိုင် ဒေါ်လာလိုက်လံဝယ်ယူခဲ့သူတစ်ဦးက ဆိုပါတယ်။

ဗဟိုဘဏ်ရဲ့ စည်းကမ်းဥပဒေတွေအရ စျေးပြိုင်လေလံစနစ်နဲ့ ဒေါ်လာရောင်းချမှုမှာ လေလံအောင်သူကို ထုတ်ဖော်မပြောခွင့်ရှိနေပါတယ်။ ဒါ့အပြင် ဗဟိုဘဏ်ဟာ ပြင်ပစျေးကွက်ပြိုနေတာကို သိနေလျှက်နဲ့ လေလံအောင်သူဟာ စျေးကွက်အတွင်းကို ဒေါ်လာငွေ ပြန်လည်ပို့ဆောင်ခြင်း ရှိမရှိကို လိုက်လံစစ်ဆေးခြင်းမရှိသလို ဒေါ်လာငွေကို တကယ်မလိုအပ်ဘဲ မြန်မာကျပ်ငွေအစား ဒေါ်လာငွေကိုသာ တောင်းခံနေတဲ့ ပြည်တွင်းကုမ္ပဏီတွေကိုလည်း ထိန်းချုပ်နိုင်ခြင်း မရှိပါဘူး။

မြန်မာကျပ်ငွေအစား ဒေါ်လာငွေကိုသာ တောင်းခံနေတဲ့ ပြည်တွင်းလုပ်ငန်းတွေဟာ စစ်အုပ်စုနဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်းတွေသာ ဖြစ်နေတာကလည်း သူတို့အတွက် ကိုင်တွယ်ဖို့ ခက်ခဲနေတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။ ဒေါ်လာငွေကို လေလံအောင်တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းဟာ ဘယ်သူတွေလဲဆိုတာကို မသိရှိရဘဲ ပြင်ပစျေးကွက်ထဲကို ဒေါ်လာမရောက်ရှိလာဘဲနဲ့ ၁၈၄ဒသမ၈သန်းထိ ဒေါ်လာတွေကို ထုတ်ရောင်းခဲ့တဲ့ ဗဟိုဘဏ်နဲ့ စစ်အုပ်စုဟာ တကယ်ရော လေလံတင်ရောင်းချတာလား ကိုယ့်အိတ်ထဲ ကိုယ်ဖိတ်ချပလိုက်တာလားဆိုတာ မေးခွန်းထုတ်စရာပါ။

“အကုန်လုံးယူဆနေကြတာက အရောင်းပြပြီး စစ်တပ်ခေါင်းကြီးပိုင်းကပဲ ပြန်ဝယ်ပြီး ကိုင်ထားတယ်လို့ ထင်နေကြတယ်၊ လေလံဝယ်ယူဖို့အတွက် ကိုယ်တိုင်အမည်ခံစရာ မလိုဘူး လုပ်ငန်းပြနေနိုင်ရင် ရပြီလေ၊ တဖက်လှည့်နဲ့ ဝယ်တယ်ဆိုရင်ရော ဘယ်သူသိမလဲ၊ နိုင်ငံတကာငွေကြေးကို သူတို့လည်း လိုချင်မှာပဲ၊ မြန်မာကျပ်ငွေက သူတို့မှာပေါတယ် အခုရိုက်ထုတ် အခုရနေချိန်မှာ ဒါကို ဒေါ်လာနဲ့ တရားဝင်ထုတ်လဲဖို့က ဒီတစ်လမ်းရှိနေတယ်”လို့ စျေးကွက်ပညာရှင်တစ်ဦးက ပြောပါတယ်။

သေချာတာကတော့ အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းယူပြီးနောက်ပိုင်းမှာ မြန်မာ့ငွေကြေးဟာ တန်ဖိုးမဲ့သွားခဲ့ပြီး ပြည်တွင်းကနေ အဓိကကုန်သွယ်ရာမှာ အသုံးပြုနေရတဲ့ အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်၊ ထိုင်းဘတ်ငွေတွေဟာ စျေးနှုန်းမြင့်တက်သွားပြီး နယ်စပ်ကုန်သွယ်ရေးမှာ မြန်မာငွေကို လုံးဝ လက်မခံတော့အထိ အခြေအနေဆိုးဝါးသွားခဲ့ပါပြီ။

ပြည်ပရင်းနှီးမြုပ်နှံမှုတွေ နောက်ဆုတ်သွားတာကြောင့် မြန်မာပြည်တွင်းကို ဒေါ်လာငွေ ပြန်လည်ဝင်ရောက်လာဖို့ကလည်း မလွယ်ကူတော့ပါဘူး။ ဒေါ်လာစျေးနှုန်းနဲ့ ရွှေစျေးနှုန်းမြင့်တက်လာမှုရဲ့ အဓိကတရားခံဟာ အကြမ်းဖက်စစ်အုပ်စုပဲ ဖြစ်ပါတယ်။ ပြည်တွင်းငွေကြေးမခိုင်မာတာ ခိုင်မာတဲ့ စီးပွားရေးလုပ်ငန်းတွေမရှိတော့တာ လည်ပတ်မရတော့တာ၊ ဘဏ်လုပ်ငန်းဝန်ဆောင်မှုကို အယုံအကြည်မရှိတော့တာ ဘယ်အချိန်မှာ အသိမ်းခံရ အဖျက်ခံရမယ်မှန်း မမှန်းဆနိုင်တဲ့ အိမ်ယာခြံမြေစျေးကွက်ကို အယုံမရှိတော့တာက ဒေါ်လာစျေးနှုန်းနဲ့ ရွှေစျေးနှုန်းကို မြင့်တက်လာစေတာပဲဖြစ်ပါတယ်။

ဒါ့အပြင် အခုလို ဒေါ်လာစျေးနှုန်းမြင့်တက်မှုကို ထိန်းသိမ်းနိုင်ဖို့အတွက် ပြည်ပကို ဒေါ်လာအထွက် မရှိရအောင် စစ်အုပ်စုက မော်တော်ယာဉ်တင်သွင်းမှုတွေကို ပိတ်ပင်လိုက်ပါတယ်။ အခုလိုပိတ်လိုက်ခြင်းဟာ ထူးခြားလာမဲ့ အခြေအနေတစ်ရပ်ကို သွားနိုင်လား မသွားနိုင်လားဆိုတာလည်း သူတို့ မသုံးသပ်နိုင်ပါဘူး။

“ကားတင်သွင်းခွင့်ပိတ်လိုက်တာပဲရှိတယ်၊ အဓိကတော့ အမြင့်ကားတွေ ထပ်ဝင်မလာဘူးပေါ့ SKDတွေတော့ ရှိမယ်ပေါ့၊ JDMနဲ့ ဥရောပအလုံးတွေ အသစ်မရဘူးဆိုတဲ့ သဘောပဲ၊ လက်ရှိပြည်တွင်းစျေးကွက်မှာ SKDလည်း ဘယ်သူမှ မဝယ်ကြဘူး ကုမ္ပဏီတွေကလည်း နောက်ပြန်ဆုတ်ဖို့ ကြံနေချိန်မှာ မဝယ်ရဲကြဘူး၊ အခုလိုပိတ်တော့ရော ဘာထူးမလဲဆိုတော့ အမြင့်ကားစျေးကွက်ထဲမှာတော့ မထူးနိုင်ဘူး၊ ရောက်ပြီးသားကားတွေတောင်မှ မရောင်းရတာ၊ အနိမ့်ကား စျေးကွက်ကတော့ ဒေါ်လာလဲမဝယ်တတ် ရွှေလဲမကိုင်ရဲတဲ့ သူတွေက နည်းနည်းဆွဲတယ်၊ အနိမ့်ကားစျေးကွက်ပဲ အပေါ်နည်းနည်းတက်မယ်၊ ကားစျေးတက်မယ်ပေါ့ဗျာ”လို့ ကျွန်းတောလမ်းက ကားဝယ်ရောင်းတစ်ဦးကဆိုပါတယ်။

ပြိုလဲသွားမဲ့ အလုပ်တွေထဲမှာ အဓိက အလုပ်တွေကတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေက အဓိကကြုံတွေ့နေရမှာဖြစ်ပြီး အခြားအခြား လုပ်ငန်းတွေပါ ဆင့်ကဲ ပါဝင်လာပါလိမ့်မယ်။ ပြည်ပကနေ အရာရာကို တင်သွင်းနေရတဲ့ မြန်မာပြည်မှာ အပ်ကနေအစ ကားအထိ စျေးနှုန်းမြင့်တက်လာမှာ သေချာနေပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်နားလိုက်ရခြင်းရဲ့ နောက်ကွယ်မှာ အလုပ်လက်မဲ့များစွာရဲ့ အငတ်ဘေးကလည်း ဆက်တိုက်ဖြစ်ပေါ်လာမှာပါ။

“အငတ်ဘေးတော့ မကျနိုင်ဘူးဗျ၊ ပြည်တွင်းမှာက စိုက်ပျိုးရေးနဲ့ သားငါးက ဖူလုံတယ်၊ တစ်ခုပဲ ဝယ်မစားနိုင်ကြတော့မှာ မြန်မာပြည်က ပရဟိတစိတ်ဓာတ်ရှိတဲ့ နိုင်ငံမို့ အလှူအတန်းနဲ့ အဆင်ပြေနိုင်တယ် ပွင့်ပွင့်လင်းလင်းပြောရရင် မငတ်ဘူး၊ ဒါပေမဲ့ တောင်းစားသွားရနိုင်တယ်၊ အလုပ်တွေမရှိတော့ နေဖို့အခက်အခဲရှိသူတွေ ပြသနာတက်လာမယ် ဖြစ်ပေါ်လာမဲ့ အကျိုးဆက်က များလွန်းပါတယ်”လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ရုရှားနဲ့ အာစီယံအားကိုးနဲ့ ရပ်တည်နိုင်ဖို့ကြိုးစားနေတာဟာ ယောက်ဖကို ကြက်ဥတိုက်တဲ့ဖြစ်စဉ်နဲ့ အတူတူပါပဲ၊ ပထွေးမှန်းမသိ အဖေမှန်းမသိ ကိုယ်အာဏာတည်မြဲရေးအတွက် လုပ်ဆောင်မှုဟာ နိုင်ငံအတွက် နစ်နာဆုံးရှုံးမှုတွေပဲဖြစ်စေပါတယ်။

တည်ငြိမ်မှုမရှိဘဲ ပြိုလဲနေတဲ့ မြန်မာနိုင်ငံကနေ လှည့်ပြန်ထွက်ခွာသွားတဲ့ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေကို အာဆီယံနိုင်ငံတွေက အပြေးအလွှားကြိုဆိုနေကြပါတယ်။ ဖိလစ်ပိုင်လို နိုင်ငံဆိုရင် မြန်မာပြည်ကနေ နောက်ဆုတ်ထွက်ခွာလာရတဲ့ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေကို နှစ်နှစ်တာ အခွန်ကင်းလွတ်ခွင့်အထိ ပေးပြီးတော့ကို ဆွဲဆောင်နေတာပါ။ စစ်အုပ်စု အာဏာတည်မြဲနေလေလေ အာစီယံအတွက် အကျိုးရှိလေလေအခြေအနေတစ်ရပ်ကို သူတို့ ငြင်းပယ်ကြမှာ မဟုတ်ပါဘူး။

အာဏာတည်မြဲရေးကလွဲပြီး ဘာတစ်ခုမှ စိတ်မဝင်စားတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ဗဟိုဘဏ်ကနေတဆင့် ဒေါ်လာတွေထုတ်အရောင်းပြနေတာဟာ စျေးကွက်မျှခြေကို ဖြစ်ပေါ်စေဖို့ လုပ်ဆောင်နေတာလား သူတို့ကိုယ်တိုင် တစ်ဖက်လှည့်နဲ့ ပြန်ဝယ်ပြီး သူတို့လုပ်ဆောင်မှုကြောင့် မခိုင်မာတော့တဲ့ မြန်မာ့ငွေကြေးအစား နိုင်ငံတကာသုံးဒေါ်လာငွေနဲ့ မြန်မာပြည်ကို ရောင်းစားနေသလားဆိုတာ မေးခွန်းထုတ်လိုပါတယ်။

#ဆိုးထက်ခိုင်