ဖယ်ခုံနဲ့ဒီးမော့ဆိုမြို့နယ်တွေကို စစ်အုပ်စု အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေ

၂၈၊ စက်တင်ဘာလ၊ ၂၀၂၁။

ဖယ်ခုံမြို့နဲ့ ဒီးမော့ဆိုမြို့နယ်တွေကို အကြမ်းဖက်စစ်အုပ်စုက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်တိုက်ခိုက်နေတယ်လို့ KNDFက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖယ်ခုံမြို့ ကောင်းမိုင်းနဲ့ လွယ်လုံကျေးရွာအကြားမှာ စက်တင်ဘာလ ၂၈ရက်နေ့ မနက် ၆နာရီ၃၀မိနစ်ခန့်က အကြမ်းဖက်စစ်အုပ်စုက အင်အားဖြည့်တင်းဝင်ရောက်လာတာကြောင့် KNDFက ခုခံတိုက်ပွဲ ဆင်နွှဲခဲ့ရပြီး စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ နေ့လည် ၁၂ခန့်အထိ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာဘက်ကိုလည်း အကြမ်းဖက်စစ်အုပ်စုက ည ၇နာရီ ၅၀မိနစ်ခန့်က စတင်ပြီးတော့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအနီးမှာ စက်တင်ဘာလ ၂၇ရက်နေ့ ညနေပိုင်းက အကြမ်းဖက်စစ်အုပ်စုရဲ့ စက်ကူယာဉ်တန်းကို KNDFက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးနောက်မှာ ဖယ်ခုံမြို့နယ်ဖက်ကို စစ်အုပ်စုက စစ်ကြောင်း ၄ကြောင်းခွဲပြီးတော့ ဝင်ရောက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ KNDF  ထုတ်ပြန်ချက်တွေအရ သိရပါတယ်။