ဒီးမော့ဆိုမြို့ပေါ် တိုက်ပွဲအတွင်း စစ်အုပ်စုက ၄ ဦးသေ

ဓာတ်ပုံ- DMO PDF
ကယားပြည်နယ် (ကရင်နီ) ဒီးမော့ဆိုမြို့ မြို့မရပ်ကွက်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စု ၄ ဦးသေဆုံးကာ ၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ DMO PDF က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မနေ့က မေလ ၉ ရက်နေ့ မနက် ၉ နာရီခန့်မှာ ပြည်သူ့ကာကွယ်​ရေးတပ်-ဒီးမော့ဆို (DMO-PDF) တပ် ဗျူဟာ ၃ မှ C၊ D၊ E တပ်ရင်းတပ်ခွဲအချို့နဲ့ အလယ်ပိုင်းတိုင်း ၁၁၀၂ မှ တပ်ခွဲအချို့ပူးပေါင်းပြီး ပထမအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
မွန်းလွဲ ၁ နာရီလောက်မှာလည်း စည်ပင်မြို့မစျေးအနီးမှာ ဒုတိယအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၃၀ ခန့်အတွင်းမှာ စစ်အုပ်စုက ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ထိတွေ့တိုက်ပွဲတွေအတွင်းမှာ စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ပြည်သူတွေရဲ့ နေအိမ်အချို့ ပျက်စီးခဲ့ရတယ်လို့ DMO PDF က သတင်းထုတ်ပြန်ထားပါတယ်။