ဒီးမော့ဆိုမှာ လေးရက်ကြာတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်ကအ များအပြားသေဆုံးတယ်လို့ KNDFပြော

မတ်၊ ၂၅

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စုအတွင်း ကရင်နီပူးပေါင်းတပ်တွေနဲ့ စစ် ကောင်စီတပ် တွေအကြားလေးရက်တာ တိုက်ပွဲအပြင်းအထန်ဖြစ်ရာမှာ စစ်ကောင်စီဘက်က အရာရှိ တွေ အပါ အဝင် (၉၀) ကျော်သေဆုံးကာ (၅၀)ထက်မနည်းဒဏ်ရာရပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

“သူတို့ စစ်ကြောင်းတွေကတော့ ရှိနေ တုန်း ပဲ၊ ထိတွေ့တိုက်ပွဲတွေကတော့ ပြင်းထန်နေတုန်းပါပဲ” လို့KNDF ဗဟိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ တဦးက DNAကို ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းက ဒေါတကြီးကျေးရွာအတွင်းနဲ့ အနီးဝန်းကျင်တဝိုက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေကိုကရင်နီဒေသအခြေစိုက် ပူးပေါင်းတပ်တွေက မတ်လ ၂၀ရက်ကနေ ၂၃ရက်အထိ လေးရက် ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ KNDF ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီတိုက်ပွဲတွေမှာ တော်လှန်ရေးတပ်ပေါင်းစုဘက်က လေးဦးကျဆုံးခဲ့တယ်လို့ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရရှိမှု အချက်အလက်တွေကိုတော့ KNDF ထုတ်ပြန်ချက်မှာထည့်သွင်းဖော်ပြတာမရှိပါဘူး။

ကျဆုံးခဲ့သူတွေထဲ KNDF တပ်ဖွဲ့ဝင်တဦး၊ ကရင်နီတပ်မတော်(KA) တပ်ဖွဲ့ဝင်နှစ်ဦးနဲ့ နေပြည်တော်ပြည်သူ့ကာ ကွယ်ရေးတပ်ကတပ်ဖွဲ့ဝင် တဦး ပါဝင်တယ်လို့သိရပါတယ်။

ဒီတိုက်ပွဲတွေကနေ ကရင်နီပူးပေါင်းတပ်တွေဟာ စစ်ကောင်စီတပ်တွေ အသုံးပြုတဲ့ တိုက်ပွဲဝင်ချေမှုန်းရေး ရိုင် ဖယ် သေနတ်(၃၀)လက်၊ဗုံးပစ်လောင်ချာတလက်၊အရာရှိ အဆောင်လက် နက်ဖြစ်တဲ့ ၉မမပစ္စတိုငါးလက်၊ ပခုံး ထမ်းလောင်ချာ(RPG)နှစ်လက်၊အပါအဝင် မိုင်းရှာစက်၊ဆက်သွယ်ရေး စက်စတဲ့ လက်နက်ခဲယမ်းတွေနဲ့ ကွန်ပျူ တာ၊ဖုံး အသုံးအဆောင်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်ဘက်ကနေ ဒီးမော့ဆိုမြို့နယ်၊ ဒေါညင်းခူးကျေးရွာတွေဘက်ကိုစစ်ကောင်စီ စစ်ကြောင်း သုံးကြောင်းစုစုပေါင်း အင်အား (၃၃၀) ဝန်းကျင်နဲ့ မတ်လ ၉ရက်ကတည်းက ထိုးစစ်ဆင်လာတာ ကြောင့် ဒီကနေ့အထိ တိုက်ပွဲတွေအပြင်းအထန်ဖြစ်နေတယ်လို့ KNDF ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

စစ်ကောင်စီရဲ့ အမှတ်(၂)စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် လက်အောက်ခံ တပ်ရင်း (၃)ရင်းဖြစ်တဲ့ ခလရ (၁၂)၊ ခမရ (၅၁၆) တပ်ရင်းတွေဟာ ဒေါညင်းခူး၊ ဒေါဆိုဖျ၊ ဒေါတမကြီးစတဲ့ ဒီးမော့ဆို မြို့နယ်အရှေ့ခြမ်းကျေးရွာတွေထဲထိုး စစ်ဆင်တိုက်ခိုက်နေတာပါ။

ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီး၊ ဒေါဆိုဖျ၊ ဒေါညင်းခူး ကျေးရွာတွေနဲ့ အနီးဝန်းကျင်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေ အထိနာတဲ့အတွက် ဘောလခဲ၊ ဖရူဆို အခြေစိုက်တပ်တွေက နေ့စဉ်လက်နက်ကြီး ပစ်ကူ  နေတဲ့အပြင် တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ပါ နေ့စဉ်နီးပါး တိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ဘက်ဆိုင် ရာတာဝန်ရှိသူတွေက ပြောပါတယ်။

ဒေါတမကြီးကျေးရွာ အုပ်စုအတွင်း မတ်လ ၂၁ ရက်က နှစ်ဘက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပြီး စစ်ကောင်စီ ဘက်က သေဆုံးထိခိုက်မှု များတာကြောင့် အဲဒီနေ့ ညနေပိုင်းမှာတနာရီအတွင်း တိုက်လေယာဉ် နှစ်စီးနဲ့ ခြောက် ကြိမ်ထက်မနည်း လေကြောင်းကနေတိုက်ခိုက်ခဲ့သလို ဘောလခဲမြို့ကနေလည်း လက်နက်ကြီးနဲ့ ဆယ် ကြိမ် ထက်မနည်း ပစ်ကူပေးခဲ့တယ်လို့ ကရင်နီပြည်ထဲရေးဝန်ကြီး ခူးညေရယ်က DNA ကို မတ်လ ၂၂ ရက်က ပြော ပါတယ်။

စစ်တပ်ရဲ့ ထိုးစစ်ဆင် စစ်ကြောင်းတွေကြောင့် ဒေါညင်းခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီးကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာတွေက ဒေသခံတွေဟာ ရွာလုံးကျွတ် စစ်ရှောင်နေကြရပြီး စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်မှုတွေကြောင့် အရပ်သားနေအိမ် (၁၀၀) ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။

ဒေါညင်းခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီး ကျေးရွာတွေအတွင်း စစ်ကြောင်း (၃)ကြောင်းနဲ့ ထိုးစစ်ဆင်လာနေတဲ့ စစ် ကောင်စီတပ်တွေကို ကရင်နီပူးပေါင်းတပ်တွေက တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်တဲ့အတွက် တိုက်ပွဲတွေ ပြင်း ထန်နေတာဖြစ်ပြီး ခဲယမ်းမီးကျောက်တွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ ကပြောပါတယ်။

ဓာတ်ပုံ – KNDF