ကနီမှာ စစ်ကောင်စီထောက်ပို့ သင်္ဘောနှစ်စီး တိုက်ခိုက်နှစ်မြုပ်ခံရ

နိုဝင်ဘာ၊ ၇
 
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာ အနီးရှိ ချင်းတွင်းမြစ်မှာ သောင်တင်နေတဲ့ စစ်ကောင်စီထောက်ပို့ စစ်သင်္ဘော နှစ်စီး (ဒေသအခေါ် ဖလက်မော်တော်)ကို နိုဝင်ဘာလ ၆ ရက်၊ ည ၁၀ နာရီဝန်းကျင်ချိန်ခန့်မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ပါတယ်။
 
“ ထောက်ပို့သင်္ဘော နှစ်စီးလုံးကို သိမ်းနိုင်ခဲ့တာဗျ။ စစ်ရေးအခြေအနေကြောင့် သိမ်းလို့ရတဲ့ နှစ်စီးလုံးကို ရေမြှုပ်ပစ်လိုက်တာ “ လို့ ကျောက်လုံးကြီး KLG တပ်မဟာ ပြန်ကြားရေးတာဝန်ခံ ကိုAT က ဆိုပါတယ်။
 
စစ်အင်အား နှစ်ရာဝန်းကျင်ပါတဲ့ စစ်ကောင်စီ ထောက်ပံ့ရေးသင်္ဘော ခုနှစ်စီးဟာ ကနီမြို့ အောက်ဘက်ဒေသတွေကို စစ်လက်နက်၊ ရိက္ခာနဲ့ လူအင်အား ထောက်ပံ့ဖို့ ချင်းတွင်းမြစ်ကြောင်းအတိုင်း နိုဝင်ဘာလ ၄ ရက်က စုန်ဆင်းလာတာ ဖြစ်ပါတယ်။
 
အဲဒီ ထောက်ပို့စစ်သင်္ဘော ခုနှစ်စီးအနက် သင်္ဘောလေးစီးဟာ စုန်ဆင်းလာချိန် ကနီမြို့နယ်အတွင်း ချင်းတွင်းမြစ်တနေရာမှာ သောင်တင်ခဲ့တာကြောင့် အဲဒီအထဲက နှစ်စီးကို မနေ့ညက သိမ်းပိုက်ရရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
အဲဒီပစ်ခတ်တိုက်ခိုက်သိမ်းပိုက်မှုကြောင့် နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုကြောင့် တိုက်ပွဲချိန် တနာရီဝန်းကျင်ခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ စစ်သင်္ဘော နှစ်စီးပေါ်က တပ်သား ငါးဦး ကျည်ထိပြီး ရေထဲပြုတ်ကျကာ သေဆုံးခဲ့တာဖြစ်တယ်လို့ ပြန်ကြားရေးတာဝန်ခံ ကိုAT ကဆိုပါတယ်။
 
အဲဒီပြောဆိုချက်နဲ့ပတ်သက်ပြီး DNA သတင်းဌာနက သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
တိုက်ပွဲမှာ ယင်းမာပင်ခရိုင် တပ်ရင်း (၂၁)၊ တပ်ရင်း (၂၂)၊ တပ်ရင်း (၂၃)၊ ယင်းမာပင်ခရိုင်တပ်မဟာ၊ BLDF၊ ကျောက်လုံးကြီး KLG တပ်မဟာနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
 
စစ်ကောင်စီတပ်တွေဟာ ဒေသခံ တော်လှန်ရေးတပ်တွေကို တိုက်ခိုက်ဖို့ ချင်းတွင်းမြစ်ကို အသုံးပြုကာ တပ်အင်အားဖြည့်တာ၊ လက်နက်ခဲယမ်းမီးကျောက်နဲ့ ရိက္ခာတွေကို သင်္ဘောတွေအသုံးပြုပြီး ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။
 
လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လက်ကျန်စစ် သင်္ဘောငါးစီးနဲ့ ချင်းတွင်းမြစ်အတိုင်း ဆက်လက်စုန်ဆင်းနေတယ်လို့ ဆိုပါတယ်။
 
ကနီမြို့ပေါ်မှာတော့ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ သုံးနေရာထက်မနည်းကို တော်လှန်ရေးအင်အားစုတွေက နိုဝင်ဘာလ ၆ ရက် မနေ့က မနက်အစောပိုင်းက တိုက်ခိုက်ခဲ့ပါသေးတယ်။
 
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ရေယာဉ်ကို ကသာမြို့အနီးမှာ ကေအိုင်အေနဲ့ PDFတွေက ဒီလ ၃ ရက်နဲ့ ၄ ရက် နှစ်ရက်ဆက် တိုက်ခိုက်ခဲ့လို့ ရေယာဉ်မီးလောင်ပြီး ငါးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
 
ဓာတ်ပုံ – KLG
ပုံစာ – တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်နှစ်မြုပ်ခဲ့တဲ့ စစ်ကောင်စီထောက်ပံ့ရေးသင်္ဘော နှစ်စီးအနက် တစီးအားတွေ့ရစဉ်။