နိုဝင်ဘာ၊ ၇
လက်ရှိ အခြေအနေမျိုးမှာ ယူကရိန်းက ရွေးကောက်ပွဲ ကျင်းပဖို့ဆိုတာ လုံးဝ လက်တွေ့ မကျဘူးလို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။
သာမန်အားဖြင့် ယူကရိန်းဟာ ၂၀၂၄ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပရမှာဖြစ်ပြီး လောလောဆယ်တော့ စစ်ပွဲကြောင့် အဲဒီကိစ္စကို အကောင်အထည် ဖော်ဖို့က ရှုပ်ထွေးလွန်းလိမ့်မယ်လို့ ဇီလန်စကီးက မှတ်ချက်ပေးပါတယ်။ ယူကရိန်းမှာလည်း ရွေးကောက်ပွဲ လုပ်သင့်၊ မလုပ်သင့် ငြင်းခုံမှုတွေ ဖြစ်ပေါ်နေပါတယ်။
ရုရှားရဲ့ ကျူးကျော် စစ်ပြုမှုကို ခုခံ တွန်းလှန်နေရတဲ့ နိုင်ငံတခုမှာ ရွေးကောက်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပဖို့ ဆိုတာက ကြောင်းကျိုး သင့်လျော်မှု မရှိသလို ဖြစ်လွန်းနေတယ်လို့ ဇီလန်စကီးက ထောက်ပြပါတယ်။
လက်ရှိ ကာလဟာ စစ်ဖြစ်နေတယ် ဆိုတာကို အားလုံး သိထားကြကြောင်း၊ စိန်ခေါ်မှုတွေ အများကြီး ရှိနေကြောင်း၊ ဒီအခြေအနေမှာ သင့်လျော်မှု မရှိတဲ့ အကြောင်းပြချက်တွေနဲ့ ရွေးကောက်ပွဲကိစ္စ ခေါင်းစဉ်တပ် ဆွေးနွေးနေကြတာဟာ တာဝန်မဲ့လွန်းရာကျကြောင်း ဇီလန်စကီးက ဆိုပါတယ်။
ယူကရိန်းဟာ ဒီမိုကရေစီ နိုင်ငံတခု ဖြစ်ပေမယ့် ဒီအချိန်ဟာ ခုခံစစ် ဆင်နွှဲနေရတဲ့ အရှိတရားကို အသိအမှတ် ပြုသင့်ကြောင်း၊ ဒီစစ်ပွဲ အပေါ်မှာ ယူကရိန်းရဲ့ အချုပ်အခြာ အာဏာနဲ့ ပြည်သူတွေရဲ့ ကံကြမ္မာက အလုံးစုံ တည်မှီနေကြောင်း၊ စစ်ပွဲကာလမှာ ရွေးကောက်ပွဲ လုပ်ဖို့ဆိုတာက သင့်တော် မှန်ကန်တယ်လို့ သူလုံးဝ မယူဆကြောင်း ဇီလန်စကီးက ဆက်ပြောသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒီမစ်ထရို ကူလီဘာက သမ္မတဟာ နိုင်ငံရဲ့ အစိတ်အပိုင်း အများစု စစ်ဒဏ် ခံစားနေရတဲ့ ကာလမျိုးမှာ ရွေးကောက်ပွဲ ကျင်းပခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုး အားလုံးကို အလေးအနက် ဆန်းစစ်နေကြောင်း မှတ်ချက် ပေးခဲ့ဖူးပါတယ်။
ယူကရိန်းဟာ လတ်တလောမှာတော့ အမေရိကန် အပါအဝင် အနောက်မဟာမိတ် နိုင်ငံတွေဆီက စစ်ပွဲနဲ့ ပတ်သက်လို့ မယိမ်းမယိုင် ဆက်လက် အားပေး ထောက်ခံမှုတွေကို ရရှိနေဖို့လည်း အသည်းအသန် ကြိုးစား စည်းရုံးနေရပါတယ်။ ဒီအခြေအနေမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ရွေးချယ်ခြင်းက ဒီမိုကရေစီအပေါ် ယူကရိန်းရဲ့ မမှိတ်မသုန် စူးနစ် အာရုံစိုက်မှုကိုလည်း ပြသမှု တခုအနေနဲ့လည်း အကျိုးရှိနိုင်ကြောင်း လေ့လာသူတွေက ထောက်ပြကြပါတယ်။
Ref: The Hill