Photo – Social Media
ဇန်နဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီးအတွင်း တိုက်ပွဲတွေစတင်ဖြစ်ပွားလာတဲ့နောက် ရန်ကုန်တိုင်းဒေသကြီး ၊ ထန်းတပင်မြို့ နယ်နဲ့ လှိုင်သာယာမြို့နယ်ရပ်ကွက်အချို့မှာ ဧည့်စာရင်းအသစ်တွေ လက်မခံဖို့နဲ့ တကယ်လို့အ ကြောင်း အမျိုးမျိုးနဲ့ လက်ခံခဲ့ရင်လည်း အထက်ကို တင်ပြဖို့မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနက ညွှန်ကြားထား ပါတယ်။
ဇန်နဝါရီလ တတိအပတ်အတွင်းမှာ ထန်းတပင်မြို့နယ်အတွင်းမှာရှိတဲ့ ဧည့်စာရင်းအဟောင်းတွေကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဌာနကနေ ပြန်လည်စီစစ်နေပြီး ဧည့်စာရင်းအသစ်တွေအတွက်လည်း အဲဒီလို ညွန်ကြားထားတာလို့ ထွေအုပ်ဌာနနဲ့ အဆက်အသွယ်ရှိသူ တစ်ဦးပြောပါတယ်။
“လက်တလောမှာလည်း ဧည့်စာရင်းအသစ်တွေမပေးဖို့ ၊ ပေးခဲ့ရင်လည်းစာရင်းလုပ်ပြီး အထက်ကို တင်ဖို့ ညွှန်ကြားထားတာပါ” လို့ သူကDNAကိုပြောပါတယ်။
ဧည့်စာရင်းကိုစီစစ်နေရတဲ့အကြောင်းအရင်းကတော့ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်က စစ်ရှောင်တွေ လာရောက်နေထိုင်တာကို စာရင်းဇယားနဲ့အတည်ပြုဖို့ ဖြစ်တယ်လို့ သူကပြောပါတယ်။ ဧည့်စာရင်းတွေကို စီစစ်နေတဲ့နေရာမှာတော့ ၂၀၂၄ခုနှစ် နှောင်းပိုင်းကာလမှာ စတင်ပြောင်းရွေ့လာသူတွေကို အဓိက ဦးတည်ထားတာပါ။
လက်ရှိအချိန်မှာတော့ ထန်းတပင်မြို့နဲ့ မြို့နယ်တွင်းက ကျေးရွာတွေမှာ ဧည့်စာရင်းကို နေအိမ်ရှိလူအကုန်ကို ဓာတ်ပုံရိုက်ကူးပြီး အသစ်ပြန်လည်လုပ်ဆောင်နေကြပါတယ်။ အလားတူ လှိုင်သာယာမြို့နယ်မှာလည်း ဧည့် စာရင်းသစ်တွေနဲ့ ပတ်သက်လို့ တင်းတင်းကြပ်ကြပ်လုပ်ဆောင်နေပါတယ်။
လှိုင်သာယာမြို့နယ်က ရပ်ကွက်တစ်ချို့မှာ ဧည့်သည်လာရောက်တဲ့အခါ ဧည့်သည့်နဲ့အိမ်ရှင် နှစ်ဦးစလုံး ရပ်ကွက် ရုံးကို လူကိုယ်တိုင်သွားရောက်ပြီး ဧည့်စာရင်းတိုင်ကြားရပါတယ်။ “ဆေးလာကုတဲ့လူကြီးမို့လို့ ရုံးကိုမလာနိုင်ဘူး ပြောတာမရဘူး”လို့ လှိုင်သာယာမြို့ခံတစ်ဦးက ပြောပါတယ်။
ဧည့်စာရင်ပေးတဲ့နေရာမှာ ရပ်ကွက်တခုနဲ့ တခုမတူညီဘဲ အချို့သောရပ်ကွက်တွေဟာ ဧည့်စာရင်းကို တရက်တစ်ကြိမ်တိုင်ကြားနေရတာ ဖြစ်တယ်လို့ သူကပြောပါတယ်။ အလားတူ ဧည့်စာရင်းတွေကို စာရင်းအသစ် ကောက်ခံတဲ့နေရာမှာလည်း လှိုင်သာယာမှာ တချို့ရပ်ကွက်တွေက ကောက်ခံပြီး အချို့သောရပ်ကွက်တွေက ကောက်ခံခြင်းမရှိပါဘူး။
ဧရာဝတီတိုင်း ရွှေသောင်ယံမြို့နယ်ခွဲက မကျီးဇင်နဲ့ ဘောမိကျေးရွာဝန်းကျင်ဖက်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့နောက် ဒေသခံတွေဟာ ပုသိမ်မြို့နဲ့ ရန်ကုန်တိုင်းအပါအဝင် ဘေးကင်းမယ်ယူဆတဲ့ ဒေသတွေကို ပြောင်းရွှေ့ လာကြတာပါ။
စစ်ရှောင်အနေနဲ့ ရွေ့ပြောင်းကြတဲ့နေရာမှာ ငွေကြေးတက်နိုင်သူတွေက မြို့ပေါ်ဒေသတွေကို တိမ်းရှောင်နိုင်ပေ မယ့်လည်း ငွေကြေးမတက်နိုင်သူတွေက စစ်ပွဲဖြစ်ပွားရာဒေသရဲ့ အနီးအနားကျေးရွာတွေမှာ တိမ်းရှောင်နေကြတာလည်း ဖြစ်ပါတယ်။