ဇန်နဝါရီ ၊ ၂၆
ဧရာဝတီတိုင်းထဲမှာရှိတဲ့ ပုသိမ်၊ မြောင်းမြ၊ မအူပင် ထောင်တွေမှာ လွတ်ရက်စေ့ပြီးဖြစ်ပေမယ့် ထောင်ထဲမှာပဲ ဆက်ထိန်းသိမ်း ခံနေရတဲ့ ရိုဟင်ဂျာ အကျဉ်းသားပေါင်း ၇၀၀ ဝန်းကျင်ရှိနေပါတယ်။
ဒီထဲမှာ လွတ်ရက်စေ့ပြီးတာတောင်မှ နှစ်နဲ့ချီကြာအောင် ထောင်ထဲမှာ ဆက်နေနေရတဲ့သူတွေလည်းရှိနေတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေက DNAကိုပြောကြပါတယ်။
“ကျွန်တော့်မျက်မြင်ကိုမှ သူတို့(ရိုဟင်ဂျာ) ၁၅၀ လောက်ရှိတယ်။ ထောင်ထဲမှာ ဆက်နေနေရတာ တနှစ်ကျော်နေ တဲ့သူတွေတောင်ရှိတယ် ” လို့ မြောင်းမြအကျဉ်းထောင်ကနေ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်ကမှစစ်ကောင် စီလွတ်ငြိမ်းခွင့်နဲ့ လွတ်လာတဲ့ နိုင်/ကျဉ်းဟောင်း တဦးဖြစ်သူ ကိုကျော်ဇောလင်းက ပြောပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့စာရင်းမှာတော့ ဒီလိုမျိုးဖြစ်စဉ်တွေဟာ ပြည်နဲ့ အင်းစိန် အကျဉ်းထောင်တွေမှာလည်း ရှိနေတယ်လို့ ဖော်ပြထားပြီး နိုင်ငံရေးအ ကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်ကတော့ ဘားအံထောင်ထဲမှာလည်း အလားတူ ဖြစ်စဉ်တွေရှိနေတယ်လို့ ဆိုပါတယ်။
၂၀၂၁ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းမှာ စစ်ကောင်စီဟာ မြန်မာနိုင်ငံထဲက ရေပြင်၊မြေပြင်တွေမှာ ဖမ်းဆီးမိတဲ့ ရိုဟင်ဂျာတွေကို တည်ဆဲဥပဒေအရ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်တာ တွေ ဆက်တိုက်လုပ်ခဲ့ပါတယ်။ အစုအပြုံလိုက်ရွှေ့ပြောင်း သွားလာဖို့ ကြိုးစားရင်း ဖမ်းဆီးခံရတာဖြစ်လို့ ဖမ်းဆီးမှု တကြိမ်စီမှာ ရိုဟင်ဂျာဆယ်ချီရာချီအထိပါဝင်လေ့ရှိပါတယ်။
၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃(၁) အရ မြန်မာနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်၊နေထိုင်သူကို အနည်းဆုံး ထောင်ဒဏ် ခြောက်လကနေ အများဆုံး ငါးနှစ်အထိချမှတ်နိုင်ပါတယ်။
အရင်က အဲ့ဒီလိုဖမ်းမိတရားစွဲဆိုခံရတဲ့ရိုဟင်ဂျာတွေကို အမြင့်ဆုံးပြစ်ဒဏ်တွေချမှတ်တာမျိုး သိပ်မရှိပေမဲ့ စစ်ကောင်စီ လက်ထက်မှာတော့ အမြင့်ဆုံးထောင်ဒဏ်ချမှတ်မှုတွေပါဆက်တိုက်ရှိခဲ့ပါတယ်။
ဒါကြောင့် အနိမ့်ဆုံးထောင်ဒဏ်နှစ်နှစ်ကနေ ငါးနှစ်အထိ ချမှတ်ခံထားရတဲ့ ရိုဟင်ဂျာ ထောင်ချီဟာ သူတို့ထောင်ဒဏ်တွေ ကုန်လွန်သွားချိန်အထိ စစ်ကောင်စီရဲ့အကျဉ်းထောင်တွေထဲမှာ ဆက်လက်ထိန်းသိမ်း ခံနေရပါတယ်။
လက်ရှိမှာ နိုင်ငံတဝန်းလုံးက တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ပွဲဆင်နွှဲနေရတဲ့ စစ်ကောင်စီက စစ်မှုထမ်းဥပဒေအသက်သွင်းပြီး ရနိုင်သမျှနည်းလမ်းတွေနဲ့ လူစုဆောင်းနေတာ၊ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကိုပါ တပ်သားသစ်တွေအဖြစ် စုဆောင်းပြီးတိုက်ပွဲဝင်ခိုင်းခဲ့တာစတဲ့အခြေအနေတွေကြောင့် အကျဉ်းထောင်တွေထဲက ရိုဟင်ဂျာတွေကိုလည်းစစ်ပွဲထဲ အသုံးချဖို့ စစ်ကောင်စီစဉ်းစားနေသလားဆိုတဲ့ စိုးရိမ်ချက်တွေရှိနေပါတယ်။
“ကျွန်တော်တို နှစ်ပေါင်းများစွာ သိလာတဲ့ အတွေ့အကြုံအရ သူတို့တွေ ဒီလိုမျိုး ရိုဟင်ဂျာတွေကို လုပ်ထားတာဟာ မရိုးရှင်းဘူး ” လို့ ဦးထွန်းကြည်က သုံးသပ်ပါတယ်။
PPNMနဲ့ ဦးထွန်းကြည်ဆီက သိရတဲ့ စာရင်းတွေအရ ဒီထောင်တွေထဲမှာ လွတ်ရက်စေ့ပြီးတာတောင်မှ မလွှတ်ဘဲ ဆက်ပြီးချုပ်နှောင်ထားတဲ့ ရိုဟင်ဂျာပေါင်း အနည်းဆုံး ၁၅၀၀ ဝန်းကျင်ရှိနေနိုင်ပါတယ်။
ဒီလိုပြန်မလွှတ်ပေးတာနဲ့ပတ်သက်လို့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေရှိရာ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်နေလို့ဆိုပြီး စစ်ကောင်စီက အကြောင်းပြထားကြောင်း ထောင်တွင်းကနေ ပြန်လည် လွတ်မြောက်လာ သူတွေ ဆီကသိရပါတယ်။
ဒါပေမယ့် စစ်ကောင်စီရဲ့အဲ့ဒီအကြောင်းပြချက်အပေါ် ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေ၊ နိုင်ငံရေးအကျဉ်းသား အဖွဲ့အစည်းတွေနဲ့ အကျဉ်းထောင်တွင်းက ရိုဟင်ဂျာတွေအခြေအနေကို စောင့်ကြည့်နေသူတွေကတော့ လက်မခံကြပါဘူး။
ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းထဲမှာဖြစ်နေတဲ့ တိုက်ပွဲတွေထဲမှာ စစ်ကောင်စီဟာ ဒေသခံ အစ္စလာမ္မစ်အသိုင်းအဝိုင်းထဲက လူတွေကို အသုံးချပြီး AAကိုပြန်တိုက် နေတာတွေရှိနေတယ်လို့ နိုင်ငံရေး အကျဉ်းသားတွေကို ကူညီ စောင့်ရှောက်ပေးနေတဲ့ ရှေ့နေတဦးက ထောက်ပြပါတယ်။
အကျဉ်းထောင်တွေထဲကို မကြာခဏရောက်ရှိနေပြီး အကျဉ်းထောင်အတွင်းက သတင်းတွေကို ကြားသိနေရသူလည်း ဖြစ်တဲ့အဲ့ဒီရှေ့နေက “သူတို့လည်း(ရိုဟင်ဂျာ) စိုးရိမ်နေကြတယ်။ သူတို့ကို လူသားဒိုင်း လုပ်မှာ စစ်မှုထမ်းခိုင်းမှာကို ကြောက်နေကြတယ် ” လို့ သူသိထားတာတွေကို ပြန်ပြောပြပါတယ်။
ရိုဟင်ဂျာတွေဟာ ပြောင်းရွေ့ဖို့ကြိုးစားကြတဲ့အခါမှာ မိသားစုလိုက် ပြောင်းရွေ့ကြတာမျိုးဖြစ်လို့ ဖမ်းဆီးခံရတဲ့အခါမှာလည်း မိသားစုလိုက် ဖမ်းဆီးခံရသူတွေအများစုပါဝင်ပါတယ်။ဒါကြောင့် အခုလို လွတ်ရက်စေ့ပြီးပြန်လွတ်မလာတဲ့ အခွင့်အရေးချိုးဖောက်ခံရမှုကို ကလေးသူငယ်တွေပါ ရင်ဆိုင်ကြုံတွေ့ကြ ရပါတော့တယ်။
မြန်မာနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေအရ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသားလို့ သတ်မှတ်ထားခြင်း မရှိတာကြောင့် ဖမ်းဆီးရမိတဲ့အခါမှာ နိုင်ငံခြားသားနဲ့သက်ဆိုင်သော ပုဒ်မတွေနဲ့ တရားမဝင်နယ်စပ် ဖြတ်ကျော်မှုလို့ သတ်မှတ်လေ့ရှိပါတယ်။
အကျဉ်းထောင်ဝန်ထမ်း ဖြစ်ခဲ့ဖူးသလိုလက်ရှိမှာ နိုင်ငံရေးလေ့လာသုံးသပ်သူအဖြစ်ရပ်တည်နေသူတဦးက “ ဒီလူတွေကို ဘင်္ဂလားဒေ့ရှ်ကနေလာတဲ့ ဘင်္ဂါလီဆိုပြီး ရက်စက်ဖိနှိပ်ခဲ့တာလည်း သူတို့ပဲ။ အခု AA နဲ့ PDF တွေကိုတိုက်ဖို့ဆိုပြီး ပြန်အသုံးချနေတာလည်း သူတို့ပဲဆိုတော့ ဒီလူတွေ(ထောင်ထဲကလူတွေ)ကို ကိုယ့်နိုင်ငံသား မဟုတ်ဘူးလို့ သတ်မှတ်ထားလည်းပဲ လူသားဒိုင်းအဖြစ် အသုံးချနိုင်တယ်ဆိုတာ သိပ်ရှင်းပါတယ် ” လို့ သုံးသပ်ပါတယ်။
PPNM ရဲ့ ဦးဆောင် ကော်မတီဝင်တဦးဖြစ်သူ ကိုသိုက်ထွန်းဦးက “တကယ်တော့ မပို့ပေးချင်လို့ မရဘူး ပြောတာပေါ့နော် ပို့ပေးချင်ရင်တော့ရပါတယ်။ ဒီနေရာကို မရရင်တောင်မှ စခန်းလိုမျိုးဆောက်ပြီး ဒီလူတွေကို စောင့်ရှောက်လို့ မရနိုင်ဘူးလားဆိုတာ မေးခွန်းတွေအများကြီး တွေးစရာတွေအများကြီးရှိပါတယ် ” လို့ သုံးသပ်ပါတယ်။
ရန်ကုန်မှာရှိနေတဲ့ အစ္စလာမ်ဘာရေးအဖွဲ့အစည်းတခုက ရန်ကုန်မှာ ဒုက္ခသည်စခန်းလိုမျိုး ဆောက်လုပ်ပြီး ဒီလိုမျိုး လွတ်ရက်စေ့ပြီး ပြန်လို့မရတဲ့ ရိုဟင်ဂျာတွေကို ထားရှိဖို့ဆိုတဲ့ အစီအစဉ်တွေ ရှိနေတယ်လို့ သိရပါတယ်။
ဒီအဖွဲ့အစည်းထဲက လူမှုကူညီရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နေပြီး အဖွဲ့နာမည်ရော ကိုယ်ပိုင်နာမည်ကိုပါ မဖော်ထုတ်စေချင်သူ အမျိုးသားတဦးကတော့ ဒီလို ဒုက္ခသည်စခန်းဆောက်မယ့် ကိစ္စဟာ ဖြစ်လာပြီဆိုရင်လည်း ကိုယ်ကျိုးစီးပွားအတွက် အသုံးချဖို့သာဖြစ်တယ်လို့ သူ့အမြင်ကိုပြောပါတယ်။
သူက “ ကျွန်တော်ပြောနိုင်တာကတော့ ဒီလူတွေဟာ အကျဉ်းထောင်နဲ့ အကျယ်ထောင်ဆိုပြီးပဲ ကွာခြားသွားရုံပဲ။ တခုပိုကောင်းနိုင်တာက နှိပ်စက်တာတွေကို မခံရနိုင်တော့ဘူးပေါ့။ ဒါထက်ပိုတဲ့ ကောင်းတဲ့ကိစ္စတွေကတော့ မရှိနိုင်ဘူးလို့ မြင်တယ်။ မြင်နေရတာပေါ့နော် ” လို့ DNA ကိုပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ ဦးထွန်းကြည်ကလည်း ပြည်တွင်းမှာကျန်ရှိနေပြီး စစ်ကောင်စီလက်အောက်မှာ အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေဟာ စစ်ကောင်စီရဲ့ ညွှန်ကြားမှုနဲ့ဖြစ်လာတာတွေပဲ ဖြစ်တာမို့ ဒီရိုဟင်ဂျာတွေကို အသုံးချဖို့ ကြိုးစားလာနိုင်တယ်လို့ ထောက်ပြဝေဖန်ထားပါတယ်။
ပြီးခဲ့တဲ့၂၀၂၄ခုနှစ်ထဲမှာ အကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလုံလောက်လောက်မရရှိတာကြောင့် အချိန်မှီ ဆေးကုသခွင့်မရဘဲ ရိုဟင်ဂျာ အမျိုးသား(၄)ဦး သေဆုံးခဲ့ပြီး ဒီလူတွေဟာ လွတ်ရက်စေ့ပြီးသူတွေ ဟုတ်၊ မဟုတ်ဆိုတာကိုတော့အတည်မပြုနိုင်သေးပါဘူး။
အသက်မပြည့်သေးတဲ့ လူငယ်တွေနဲ့ မိခင်နဲ့အတူနေထိုင်ဖို့ လိုအပ်တဲ့ ကလေးသူငယ်တွေကိုပါ လူငယ် ပြုပြင်ထိန်းသိမ်းရေးစခန်းတွေမှာထားရှိပြီး ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ဂရုစိုက်မှုတွေကိုပါ လျစ်လျူရှုခံနေရတယ်လို့ ဦးထွန်းကြည်က ဆိုပါတယ်။
မြောင်းမြထောင်ကနေ လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားကိုကျော်ဇောလင်းကတော့ သူနဲ့အတူတူ တခန်းထဲမှာ အကျဉ်းကျခံခဲ့ရတဲ့ ရိုဟင်ဂျာတဦးက သူ့မှာ ၃ နှစ်အရွယ် သားလေးတဦးပါရှိပြီး ဒီကလေးငယ်ကို မိခင်ရော ဖခင်နဲ့ပါ အတူတူမထားဘူးဆိုတဲ့အကြောင်းသိခဲ့ရတယ်လို့ ပြန်ပြောင်းပြောပြပါတယ်။
ဒေသအသီးသီးကနေ ဖမ်းဆီးခံလိုက်ရတဲ့ရိုဟင်ဂျာတွေထဲက အသက်မပြည့်သူတွေကို အာဏာပိုင်တွေက လူငယ်ထိနးသိမ်းရေးစခန်းတွေမှာ ချုပ်နှောင်ထိန်းသိမ်းတာမျိုးလုပ်လေ့ရှိတာပါ။
စစ်ကောင်စီဟာ အကျဉ်းထောင်တွေထဲလွတ်ရက်စေ့ပေမယ့် မလွတ်မြောက်သေးတဲ့ရိုဟင်ဂျာတွေကို ကျွေးမွေးဖို့ နီးစပ်ရာ အစ္စလာမ်အဖွဲ့အစည်းတွေနဲ့ အစ္စလာမ်ဘာသာဝင်တွေကို ချက်ပြုတ်ခိုင်းတာ၊ အလှူငွေကောက်ခံတာတွေ ပြုလုပ်လေ့ရှိပေမယ့် တိုက်ရိုက်လှူခွင့်တော့ မရှိဘူးလို့ မအူပင်မှာ နေထိုင်နေသူ တဦး က DNA ကိုပြောပါတယ်။
“တကယ်တော့ အကုန်လုံးအတွက်(ထောင်ကျနေတဲ့ ရိုဟင်ဂျာ)လို့ ထင်တာပဲ လူရာချီစာချက်ရတာ ” လို့ သူက ဆိုပါတယ်။
မြောင်းမြထောင်မှာလည်း ဒီလိုမျိုးအလှူခံထားတာတွေရှိပေမယ့် ဒီလူတွေဟာ ထောင်ဝတ်စုံမဝတ်ရဘဲ အရပ်သားဝတ်စုံဝတ်ရတာကလွဲရင် ထောင်သားတွေနည်းတူ စားသောက် နေထိုင်ရတဲ့အပြင် ထောင်သားတွေကို ဖိနှိပ်သလိုမျိုး ဖိနှိပ်မှုတွေကိုပါ ခံနေရတယ်လို့ ကိုကျော်ဇောလင်း ကပြောပြပါတယ်။
နိုင်ငံရေးကျွမ်းကျင်သူတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ ဒီကိစ္စဟာ စစ်ကောင်စီက လူသားဒိုင်းအဖြစ် အသုံးချဖို့နဲ့ စစ်မှုထမ်းဖို့အတွက် အသုံးချတာတွေ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
ဧရာဝတီတိုင်းထဲကထောင်တွေထဲမှာ ရိုဟင်ဂျာ ၁၅၀၀ကျော်ရှိနေပြီး ပြည်၊အင်းစိန်နဲ့ ဘားအံထောင်တွေ ထဲမှာရှိနေတဲ့သူတွေပေါင်းလိုက်ရင် ရိုဟင်ဂျာအကျဉ်းသားပေါင်း ၃၀၀၀ ဝန်းကျင်ရှိနေနိုင်တယ်လို့ စောင့်ကြည့်လေ့လာသူတွေက ပြောကြပါတယ်။
အဲ့ဒီအထဲက လွတ်ရက်စေ့နေပြီး ပြန်လွတ်မလာသေးတဲ့ ရိုဟင်ဂျာတွေနဲ့ပတ်သက်လို့ စစ်ကောင်စီက ဘယ်လို ဆက်ပြီးလုပ်ဆောင်မယ်ဆိုတာ ဂရုတစိုက် စောင့်ကြည့်ရမယ့် အခြေအနေဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ဦးဆောင်ကော်မတီဝင်တဦးဖြစ်တဲ့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
“စစ်ကောင်စီက နဂိုမှာကိုက ပြင်းပြင်းထန်ထန်ဖိနှိပ်ထားတဲ့ ဒီလူတွေကို ပိုမိုဆိုးရွားတဲ့နေရာတွေမှာ အသုံးချဖို့ အတွက် လုပ်ဆောင်နေတာမျိုးဖြစ်နိုင်တယ်။ ဒါကို အစ္စလာမ်အဖွဲ့အစည်းတွေနဲ့ ရိုဟင်ဂျာအခွင့်အရေးအတွက် လုပ်ဆောင်နေသူတွေက ပိုပြီးဂရုတစိုက် လုပ်ဆောင်ဖို့လိုပါတယ် ” လို့ သူက အကြုံပြုပါတယ်။