ဘောမိတိုက်ပွဲမှာပါဝင်ခဲ့တဲ့ တင့်ကားတပ်ရင်းမှူးတဦးကို စစ်ကောင်စီဖမ်းဆီးထောင်ချထားတယ်လို့ဆို

ဇန်နဝါရီ၊ ၂၆

အာရက္ခတပ်တော်(AA) ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ဘောမိကျေးရွာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ တင့်ကားတချို့ကို AA ဘက်က သိမ်းဆည်းရမိသွားလို့ တပ်ရင်းမှူးတဦးကို စစ်ကောင်စီဘက်က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

“တပ်ရင်းမှူးရဲ့ နာမည်နဲ့ အပတ်စဥ်တော့ မသိရသေးဘူး၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲက သံချပ်ကားတပ်ရင်း၊ တပ်ခွဲတွေက အဲဒီ(ဧရာဝတီ)မှာ ဝင်ထားတာရှိတယ်” လို့ နိုင်ငံအနှံ့စစ်ရေးအခြေအနေတွေ လေ့လာပြီး သုံးသပ် ချက်တွေ ရေးသားလေ့ရှိတဲ့ CDM ဗိုလ်ကြီး ဇင်ယော်က DNA ကို ပြောပါတယ်။

ဖမ်းဆီးခံရသူဟာ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ သာဂရမြို့အခြေစိုက် တင့်ကားတပ်ရင်း(တကရ) ၆၀၁၇ ရဲ့ တပ်ရင်းမှူးဖြစ်နိုင်ပြီး လက်ရှိမှာတော့ ပုသိမ်အကျဥ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့လည်း သူကဆိုပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ရင်းမှူး ဖမ်းဆီးခံလိုက်ရတယ်ဆိုတာနဲ့ ပတ်သက်ပြီး အသေးစိတ်အခြေအနေတွေကိုတော့ DNA က ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

CDM ဗိုလ်ကြီး ဇင်ယော်ကတော့ ဘောမိတိုက်ပွဲအတွင်း တင့်ကားတွေကို အသုံးပြုလို့မရအောင် မဖျက်ဆီးဘဲ ဆုတ်ခွာခဲ့လို့ အခုလို ဖမ်းဆီးခံရတာဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“ခွာစစ်ဆင်ပြီဆိုရင် မသယ်ဆောင်နိုင်တော့တဲ့ စစ်လက်နက်ပစ္စည်းတွေကို ဖျက်ဆီးရမယ်ဆိုတဲ့ ခွာစစ်ဥပဒေသ လည်း ရှိတယ်၊ သူတို့ရဲ့လက်နက်တွေကို တော်လှန်ရေးအဖွဲ့တွေက ပြန်အသုံးချတာ ခံနေရတာလေ၊ ဒါကြောင့် လက်နက်တွေ၊ စက်ယန္တရားတွေကို ဖျက်ဆီးဖို့က အမိန့်ပေးလေ့ရှိပါတယ်” လို့ သူက ပြောပါတယ်။

အာရက္ခတပ်တော် AA ကတော့ ရခိုင်-ဧရာဝတီအစပ်ဒေသတွေမှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေဖြစ်နေတာရှိ တယ်လို့ ထုတ်ပြန်အသိပေးထားပေမဲ့ ဘောမိကျေးရွာတိုက်ပွဲအခြေအနေကို ထုတ်ပြန်တာမရှိသေးပါဘူး။

တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေတဲ့ ဘောမိဒေသခံတဦးကတော့ ဘောမိကျေးရွာအနီးတဝိုက်မှာ အခြေစိုက်ခဲ့တဲ့ စစ်ကောင်စီတပ်တွေတပ်ပြန်မဆုတ်ခင်မှာ တင့်ကား၊သံချပ်ကာကားတချို့ကို မီးရှို့ဖျက်ဆီးခဲ့ တာရှိပြီး အဲ့ဒီကနေ မီးဆက်လက်ကူးစက်လို့ ရွာထဲက နေအိမ်တချို့ပါ မီးလောင်ပျက်စီးခဲ့သေးတယ်လို့ DNA ကိုပြောပါတယ်။

ရွှေသောင်ယံမြို့နဲ့ မိုင်နှစ်ဆယ်နီးပါးသာဝေးတဲ့ ရခိုင်-ဧရာဝတီအစပ်က ဘောမိကျေးရွာမှာ တိုက်ပွဲတွေမပြင်း ထန်ခင်ကတည်းက စစ်ကောင်စီက အဲ့ဒီဒေသဘက်ကို တင့်ကားတွေပါပါဝင်တဲ့ စစ်ကူတွေပို့ထားတာရှိပြီး အခု လ တတိယပတ်အတွင်းအဲ့ဒီဘက်က စစ်ကောင်စီတပ်တွေပြန်ဆုတ်လာချိန်မှာတော့ တင့်ကားတွေတစီးမှ ပြန်ပါလာတာမတွေ့ဘူးလို့ ရွှေသောင်ယံမြို့ခံတဦးက DNAကိုပြောထားပါတယ်။

ဘောမိကျေးရွာနဲ့ အနီးတဝိုက်မှာ ဇန်နဝါရီ ၁၆ ရက် ညကစလို့ AA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်တွေ ရွှေသောင်ယံဘက် ဆုတ်ခွာသွားလို့ ဇန်နဝါရီ ၁၉ ရက်လောက်မှာတော့ ဘောမိကို AA ပူးပေါင်းတပ်တွေဘက်က ထိန်းချုပ်နိုင်ခဲ့ပါတယ်။

အဲဒီဘောမိဘက်ကို ဇန်နဝါရီ ၁၀ ရက်နေ့မှာ ရွှေသောင်ယံမြို့နဲ့ သုံးမိုင်ခန့်အကွာ ဝက်သေကျေးရွာကနေတဆင့် တင့်ကားခုနစ်စီးခန့်ကို ကမ်းထိုးရေယာဥ်တွေနဲ့ သယ်ယူပြီး စစ်ကူပို့ထားခဲ့တာလို့ ဒေသခံတွေက DNAကိုပြောထားတာပါ။

“(ဆုံးရှုံးသွားတဲ့)အစီးရေကတော့ အနည်းဆုံးနှစ်စီးနဲ့ အများဆုံး လေးစီးကြားမှာရှိနိုင်တယ်လို့သိရတယ်၊ တင့်ကားတိုက်ခိုက်ရေးတပ်ရင်းဆိုတော့ တင့်ကားတွေများတယ်၊ သံချပ်ကာကားဆိုရင် မောင်းပြေးဖို့ ပိုလွယ်တယ်လေ၊ အာရက္ခတပ်တော်ကလည်း လုံလုံခြုံခြုံစိတ်စိတ်ချချနဲ့ ဖြစ်ပြီဆိုတဲ့ အနေအထားမျိုးမှ ထုတ်ပြ တယ်ဆိုတော့လေ” လို့လည်း CDM ဗိုလ်ကြီး ဇင်ယော်ကပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာလည်း စစ်ကောင်စီတပ်ရဲ့ သံချပ်ကာကားနဲ့ တင့်ကားတချို့ကို တော်လှန်ရေး တပ်တွေဘက်က သိမ်းဆည်းရမိလိုက်တာမျိုးတွေရှိနေပါတယ်။

အာရက္ခတပ်တော်(AA)က ရခိုင်ပြည်နယ်ရဲ့ တောင်ဘက်အစွန်ဆုံး ဂွမြို့ကို သိမ်းပိုက်ပြီးနောက် အခုနှစ် အစော ပိုင်းမှာပဲ ရခိုင်-ဧရာဝတီအစပ်ရှိ ဧရာဝတီတိုင်းထဲက ဒေသတချို့အထိပါ စစ်ရေးလှုပ်ရှားမှုတွေရှိလာနေပြီး လက် ရှိမှာတော့ နာမည်ကျော်ကမ်းခြေတွေရှိတဲ့ ရွှေသောင်ယံ၊ ချောင်းသာနဲ့ ငွေဆောင်တို့ပါ စစ်ရေးအရ ခြိမ်းခြောက်ခံရမှုတွေ ရှိလာနေပါတယ်။