ကနီနဲ့ယင်းမာပင်မှာ MPTဖုန်းလိုင်းတွေ အမြန်ပြန်ဖွင့်ပေးဖို့ PDFသတိပေး

၂၉၊ နိုဝင်ဘာလ၊ ၂၀၂၁။

စစ်ကိုင်းတိုင်း ကနီမြို့နဲ့ ယင်းမာပင်မြို့တွေမှာ တစ်ပတ်အတွင်း ပြန်လည်ဖွင့်လှစ်ပေးဖို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထုတ်ပြန်လိုက်ပါတယ်။

ကနီနဲ့ယင်းမာပင်မြို့နယ်တွေမှာ အကြမ်းဖက်စစ်အုပ်စုက MPTဖုန်းလိုင်းတွေကို ဖြတ်တောက်ထားတာဟာ တစ်လကျော်အထိ ရှိသွားပြီဖြစ်ပြီး တစ်ပတ်အတွင်း အမြန်ဆုံးမဖွင့်လှစ်ပေးပါက တာဝါတိုင်တွေကို မိုင်းခွဲတိုက်ခိုက်မယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီကနေ့ နိုဝင်ဘာလ ၂၉ရက်နေ့မှာ သတိပေးထုတ်ပြန်လိုက်တာပါ။

ဖုန်းလိုင်းတွေ တစ်ပတ်အတွင်း ပြန်လည်မဖွင့်လှစ်ပေးပါက MPTတာဝါတိုင်တွေရဲ့ စာရင်းနဲ့ တည်နေရာကို အတိအကျကောက်ယူပြီးဖြစ်တာကြောင့် မိုင်းခွဲတိုက်ခိုက်သွားမယ်လို့ ရွှေတြိဂံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့ နေရာတွေမှာ ဖုန်းလိုင်းတွေကို ဖြတ်တောက်ထားလေ့ရှိပြီး ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို မှတ်တမ်းတင် မသိရှိနိုင်ဖို့ လုပ်ဆောင်နေလျှက်ရှိနေပါတယ်။