မင်းကင်းမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုလုပ်ပြီး ရွာထဲကပစ္စည်းတွေ သယ်ယူနေ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲက လေကြောင်းနဲ့တိုက်ခိုက်ခံထားရတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ရွာထဲဝင်ပြီးပစ္စည်းတွေကို ယူဆောင်နေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
“ထွက်ပြေးကြတာပေါ့ ။ မထွက်ရင်လည်း နှိပ်စက်ကြတယ်ဗျ။ကြောက်ပြီးကိုယ်လွတ်ရုန်းကြရတယ်ဗျ။ တောသူ တောင်သားဆိုတော့ သိတဲ့တိုင်းပဲဗျာ၊ စုဆောင်းထားကြတာလေးတွေပါသွားတော့ ငိုနေကြရတယ်”လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေက ဒီနေ့ ဩဂုတ်လ ၁၅ ရက် နံနက်ပိုင်းမှာ လောင်းပြည့်နဲ့ သံပေါက် ကျေးရွာတွေထဲ စစ်ကြောင်းထိုးဝင်လာတာကြောင့် ပြည်သူတွေ တိမ်းရှောင်ရချိန်မှာ ကျန်နေခဲ့တဲ့ ဆန်၊ ပဲ၊ ရေတင်စက်တွေ နဲ့ အိမ်ဆောက်မယ့် ပျဉ်တွေကိုပါမချန် လှေနဲ့သယ်ယူသွားကြတာလို့ သိရပါတယ်။
လောင်းပြည့်ကျေးရွာဟာ ဩဂုတ် ၆ရက်နေ့တုန်းကလည်း စစ်ကောင်စီတပ်က ရဟတ်ယာဥ် နဲ့ ပစ်ခတ် တိုက်ခိုက်တာခံခဲ့ရတာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှု ရှိခဲ့ပါတယ်။ဒါ့အပြင် စစ်ကောင်စီတပ်က အဲ့ဒီရွာမှာ ရက်ပိုင်းလောက် တပ်စွဲနေထိုင်ခဲ့ပါသေးတယ်။
လောင်းပြည့်ရွာမှာ တပ်စွဲခဲ့တဲ့စစ်ကောင်စီတပ်ဟာ သံပေါက်ကျေးရွာ အနီးမှာလည်း ဒေသကာကွယ်ရေး တပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေဟာ ချင်းတွင်းမြစ် တစ်ဖက်ကမ်း ပန်းဆက်ရွာနဲ့ တောင်ဖြူ ရွာတွေမှာ ကာလရှည် ကြာ တပ်စွဲထားပြီး အရင်ကလည်း လောင်းပြည့်ရွာဘက်ကို လက်နက်ကြီးနဲ့ လှမ်းပစ်တာ၊ရွာသားတွေ ရေဆိပ်ဆင်း တဲ့အခါ သေနတ်နဲ့ လှမ်းပစ်တာတွေ လုပ်တတ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ လောင်းပြည့်၊သံပေါက်နဲ့ ပတ်၀န်းကျင် ကျေးရွာတချို့က ဒေသခံပြည်သူထောင်ကျော်ဟာ ရွာတွေနားက တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင် ပုန်းအောင်းနေကြရတယ်လို့သိရပါတယ်။