၁၉၊ အောက်တိုဘာလ၊ ၂၀၂၁။
ဒီနေ့ လူမှုကွန်ရက်ပေါ်မှာ NLD ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကဗျာဆရာမုံရွာအောင်ရှင်ကို နိုင်ငံရေး လုပ်ကြံထားတဲ့ သတင်းအမှားတစ်ခုကို အွန်လိုင်းတွေမှာ ပျံ့နှံလာခဲ့ပါတယ်။
အဲဒီလုပ်ကြံထားတဲ့ သတင်းမှာ ဆရာမုံရွာအောင်ရှင်ဟာ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းတဲ့လုပ်ရပ်အပေါ် ထောက်ခံသလိုရေးသားထားတာတွေ့ရပါတယ်။
အဲဒီသတင်းနဲ့ပတ်သက်ပြီး NLD ဗဟိုပြန်ကြားရေးကော်မတီဝင်တစ်ဦးက ‘အဲဒီသတင်းရေးတဲ့ရက်စွဲကိုဖော်ပြ ထားတာကလည်း စက်တင်ဘာ၁၉ဆိုပြီး ဖော်ပြထားတယ်။ပြီးတော့ အဲဒီသတင်းလိမ်ထဲမှာ ဆရာ(မုံရွာအောင် ရှင်)က ဒေါ်အောင်ဆန်းစုကြည်ကို အစ်မကြီးဒေါ်အောင်ဆန်းစုကြည်လို့ ပြောထားတာပါတယ်။ဆရာက ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်တုန်းကမှ အစ်မကြီးလို့မခေါ်ဘူး။ဒေါ်စုလို့ပဲခေါ်တာ’လို့ ပြောပါတယ်။
မန္တလေးတိုင်း၊မဟာအောင်မြေမြို့နယ်NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကဗျာဆရာငြိမ်းသစ်က လည်းသတင်းအမှားသာဖြစ်တယ်လို့ ဆိုပါတယ်။
‘ဆရာဟာ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများ လေ့လာသိရှိပြီးဖြစ်ပါတယ်။ပြည်သူလူထုရဲ့ တွေ့ကြုံခံစားနေရမှုများကို စာနာသိရှိပြီးဖြစ်ပါတယ်။ယခုဖြစ်ပေါ်နေသောသတင်းများမှာ မမှန်ကန်ပါကြောင်း ဆရာကိုယ်တိုင်ပြောဆိုပါတယ်။’လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။
ဆရာမုံရွာအောင်ရှင်ဟာ မနေ့က ထောင်ထဲကနေ ပြန်လွတ်လာခြင်းဖြစ်ပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။