၅၊ အောက်တိုဘာလ၊ ၂၀၂၁။
အကြမ်းဖက်စစ်အုပ်စုရဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေမှုကြောင့် ဘေးလွတ်ရာကို စစ်ဘေးရှောင်နေရတဲ့ ကယားပြည်နယ်(ကရင်နီ) အတွင်းမှာရှိတဲ့ စစ်ဘေးရှောင် ပြည်သူတွေကို Free Burma Ranger-Karenniက ရိက္ခာ၊ဆေးဝါးနဲ့ အသုံးဆောင်တွေကို အောက်တိုဘာလ ၅ရက်နေ့မှာ သွားရောက်ပေးအပ်ခဲ့ပါတယ်။
ရိက္ခာတွေပေးအပ်ခဲ့တဲ့အပြင် စစ်ဘေးရှောင်စခန်းတွေမှာရှိတဲ့ ကလေးငယ်တွေနဲ့အတူ ဆော့ကစားတာ၊ စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးတာတွေ လုပ်ဆောင်ခဲ့ပြီး ၊ စစ်ဘေးရှောင်စခန်းတွေမှာ ဖျားနာနေသူတွေများပြားတာမို့ ဆေးဝါးလိုအပ်ချက်တွေ ရှိနေတယ်လို့ Free Burma Ranger-Karenniက သတင်းထုတ်ပြန်ခဲ့ပါတယ်။
“အရေးပေါ်အစားအသောက်နှင့် အသုံးအဆောင်အချို့ကို ပေးအပ်ခဲ့သလို စစ်ဘေးရှောင်နေရတဲ့ ပြည်သူတို့ကို (Good Life Glub) အစီအစဥ်နှင့် ခွန်အားပေး နှစ်သိမ့်ပေးခဲ့သည်။ စစ်ရှောင်စခန်းတိုင်းလိုလို ဖျားနာနေကြတာ ဆေးဝါးအလုံအလောက်မပို့ပေးနိုင်သေးပေမဲ့ အတတ်နိုင်ဆုံးကြိုးစားပေးပါတယ်”လို့ Free Burma Ranger-Karenni က ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ကယားပြည်နယ်ထဲမှာ အင်အားအကျွံအသုံးပြုကာ လက်နက်ကြီးတွေကို အသုံးပြုပြီး ထိုးစစ်ဆင်နေသလို ပြည်သူတွေရဲ့ ကျေးရွာတွေကို ဖျက်ဆီးမီးရှို့တာ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ဒေသခံပြည်သူအများစုဟာ နေရပ်တွေကို ပြန်နိုင်ခြင်းမရှိဘဲ စစ်ဘေးတိမ်းရှောင်နေရပါတယ်။