ညောင်တုန်းတာ ငါးပုံလေးပုံလောက်ပြိုကျသွားပြီး အရံတာတခု အမြန်ဆုံးတည်ဆောက်နေ

“ လယ်ထဲက ဗွက်နုန်းကို တိုက်ရိုက်မသုံးရပါဘူး။ သဲ ၃၀ ရာခိုင်နှူန်းနဲ့ ရွှံ့စေးမြေ ၇၀ ရာခိုင်နှူန်း လောက်ကို အလွှာလိုက် ၆ လက်မဖြန့်၊ ရေနည်းနည်းဖြန်းပြီး ဘူဒိုဇာနဲ့ ကြိတ်ရပါမယ်။ ပုံထဲကအတိုင်း ရွှံ့ကြီးပဲ ပုံထားရင် အက်ပြီး ရေစိမ့်နိုင်ပါတယ်”

၂၆၊ ဩဂုတ်။

ဧရာဝတီတိုင်း ၊ ညောင်တုန်းမြို့နယ် ချောင်းဖျားကျေးရွာမှာရှိတဲ့ ဂန်ချောင်းထုံးဝတာဘောင် ပိုမိုအိကျလာနေပြီး အရေးပေါ်အခြေ အနေရောက်နေကာ တာပေါက်ကို ပိတ်နိုင်ဖို့ လူအင်အား ထောင်ဂဏန်းနဲ့ ဝိုင်းဝန်းလုပ်ဆောင်နေကြတယ်လို့ လူမှု ကူညီရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

မနေ့က ဩဂုတ်လ ၂၅ ရက်နေ့ မနက်အစောပိုင်း ကတည်းက စတင်ပြိုကျနေခဲ့တာဖြစ်ပြီး လက်ရှိမှာ ပေနှစ်ရာလောက် ကမ်းပြိုသွားပြီဖြစ်ကာ တာဘောင်ဟာလည်း သုံးပုံနှစ်ပုံဝန်းကျင် ပြိုကျ၊ အိဆင်းနေပြီလို့ သိရပါတယ်။

“ကမ်းပဲ့ကျနေတာ ပေသုံးရာလောက်ထိ ရှိသွားပြီ။ တာဘောင်တခုလုံးကလည်း ငါးပုံတပုံလောက်ပဲ ကျန်တော့တယ်။ လေးပုံလောက် ပြိုကျနေပြီ။ စက်ယန္တရားတွေနဲ့ မြန်မြန်ဆန်ဆန်ပိတ်မှ ရနိုင်မယ်” လို့ ညောင်တုန်းဒေသခံတဦးက ပြောပါတယ်။

လက်တလောမှာ မြေတူးစက်တွေ ၊ လူအင်အားတွေကို အသုံးပြုပြီး အရံတာ တခုကို အရေးပေါ်တည်ဆောက်နေတာက ပညာရပ်ဆိုင်ရာအရ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ အမည်မဖေါ်လိုတဲ့ အငြိမ်းစား ဆည်မြောင်းအရာရှိ တဦးက ပြောပါတယ်။

“ လယ်ထဲက ဗွက်နုန်းကို တိုက်ရိုက်မသုံးရပါဘူး။ သဲ ၃၀ ရာခိုင်နှူန်းနဲ့ ရွှံ့စေးမြေ ၇၀ ရာခိုင်နှူန်း လောက်ကို အလွှာလိုက် ၆ လက်မဖြန့်၊ ရေနည်းနည်းဖြန်းပြီး ဘူဒိုဇာနဲ့ ကြိတ်ရပါမယ်။ ပုံထဲကအတိုင်း ရွှံ့ကြီးပဲ ပုံထားရင် အက်ပြီး ရေစိမ့်နိုင်ပါတယ်”လို့ သူက မှတ်ချက်ပေးပါတယ်။ ဖို့မြေအသစ်တွေ မြေသားကျစ်သွားဖို့ တပတ်ကနေ နှစ်ပတ်အတွင်း အချိန်ယူရနိုင်ပြီး ဒီကာလအတွင်း မြစ်ရေ အခြေအနေ ပိုတက်မလာဖို့ ၊ကမ်းတွေထပ်မပြိုဖို့သာ ဆုတောင်းရမယ်လို့ သူကဆက်ပြောပါတယ်။

ညောင်တုန်းမြို့နဲ့ ၈ မိုင်အကွာသာဝေးပြီး ဧရာဝတီမြစ်ကို ကာရံထားတဲ့ ဒီတာသာ ကျိုးပေါက်သွားမယ်ဆိုရင် ဧရာဝတီတိုင်းအတွင်းသာမက ရန်ကုန်တိုင်းအတွင်းနေရာတွေပါ ရေကြီးနစ်မြုပ်မယ့် အန္တရာယ် ရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်နဲ့ ဧရာဝတီတိုင်းကို ဆက်သွယ်ထားတဲ့ အဓိက လမ်းကြီးရေနစ်မြုပ်သွားမှာ ဖြစ်တဲ့အတွက် ကုန်စည်စီးဆင်းမှုတွေလည်း ပြတ်တောက်သွားနိုင်ပါတယ်။

“အခြေအနေကတော့ အနီရောင်အဆင့်ပါ။ ရှေ့တာတွေက ကျိုးကျပြီးဖြစ်တဲ့အတွက် ရေရဲ့ အားကြောင့်ပေါ့နော်။ ရေရဲ့ဖိအား၊ ရေရဲ့ကန်အား၊ ရေရဲ့တွန်းအားကြောင့် တာတွေက ပြိုမယ်။ အနောက်မှာ ကျွန်တော်တို့ နိုင်နိုင်နင်းနင်း မဖို့နိုင်ဘူး၊ မပြင်ဆင်နိုင်ဘူးဆိုရင် အဲဒီရေတွေက မအူပင်ကနေစပြီးတော့ ရန်ကုန်တိုင်းထိ လှိုင်သာယာအထိကို ရောက်ဖို့အနေအထား အလားအလာရှိပါတယ်။ ငါးကန်တွေလည်း မြုပ်ဖို့ရှိပါတယ်” လို့ မြေပြင်မှာ ကူညီပေးနေသူ တဦးက ပြောပါတယ်။

လက်တလောမှာ ဧရာဝတီမြစ်ရေဟာ အနည်းငယ် ကျဆင်းနေပေမယ့် မိုးလေဝသပညာရှင်တွေက လာမယ့် ရက်သတ္တပတ်အတွင်းမှာ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ ဧရာဝတီတိုင်းမှာ မိုးများမယ့်အခြေအနေ ကိုကြိုတင်သတိပေးထားကြပါတယ် ။ ဒါ့အပြင် မကြာခင်မှာ လပြည့်ရက်နဲ့အတူ ပင်လယ်မှာ ဒီရေတက်လာမယ့် အခြေအနေတွေ ပေါင်းစပ်ပြီး မြစ်ရေပြန်တက်လာနိုင်တာကို သတိပြုရမယ်လို့လည်း သုံးသပ်နေကြပါတယ်။

#ညောင်တုန်းတာ #ပြိုကျ #အရံတာ #တည်ဆောက်
#DeltaNewsAgency #DNA
#ရန်ကုန် #ပဲခူး #ဧရာဝတီ #မြစ်ဝကျွန်းပေါ်