အမေရိကန်စစ်သင်္ဘောတွေ ထိုင်းမှာ ကမ်းကပ်မယ့်ကိစ္စ စစ်ရေးအရ ဆက်စပ်မှုမရှိိဘူးလို့ ထိုင်းရေတပ်ပြော

ဒီလာရောက်မှုဟာ ထိုင်းရေတပ်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်တာ ဒါမှမဟုတ် စစ်ဆင်ရေး လုပ်ဆောင်တာမျိုး မဟုတ်သလို၊ ဘယ်နိုင်ငံရဲ့ အခြေအနေနဲ့မှလည်း ဆက်စပ်မှု မရှိဘူးလို့ အလေးအနက် ပြောကြားခဲ့ပါတယ်။

၂၆ ၊ ဩဂုတ်

အမေရိကန် ရေတပ်ရဲ့ လေယာဉ်တင်သင်္ဘောအုပ်စုမှာ ပါဝင်တဲ့ USS Abraham Lincoln နဲ့ အခြားစစ်သင်္ဘောတွေ ထိုင်းနိုင်ငံကို လာရောက်မယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ ဒါဟာ ပုံမှန်ဆိပ်ကမ်း ကပ်နားတာမျိုးသာ ဖြစ်ပြီး မည်သည့်နိုင်ငံနဲ့မှ သက်ဆိုင်တဲ့ စစ်ဆင်ရေးဆောင်ရွက်မှု မဟုတ်ဘူးလို့ ထိုင်းတော်ဝင်ရေတပ်က ဩဂုတ် ၂၅ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ထိုင်းရေတပ်ရဲ့ ထုတ်ပြန်ချက်မှာ သင်္ဘောနာမည်တွေကို ထည့်သွင်းပြောဆိုထားခြင်း မရှိပါဘူး။ အမေရိကန် လေယာဉ်တင်သင်္ဘောအုပ်စုရဲ့ သင်္ဘော ၃ စီးဟာ တာဝန်ပြီးဆုံးပြီးနောက် ထိုင်းနိုင်ငံ အရှေ့ပိုင်းမှာ ယာယီရပ်နားဖို့ အစီအစဉ်ရှိတယ်လို့ပဲ ပြောထားပါတယ်။

ဒီထုတ်ပြန်ချက်ဟာ ပင်လယ်ပြင်မှာ ရက်ပေါင်း ၂၅၀ ကျော် ကြာမြင့်ပြီးနောက် USS Abraham Lincoln သင်္ဘောဟာ စက်တင်ဘာလဆန်းပိုင်းမှာ ထိုင်းနိုင်ငံကို လာရောက် ဆိပ်ကမ်းကပ်နိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်ပိုင်း ထွက်ပေါ်လာတာဖြစ်ပါတယ်။ ရောက်လာမယ့် ရက်အတိအကျကိုတော့ အတည်မပြုရသေးပါဘူး။

ထိုင်းရေတပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် ပါယီ ရာတာနာချာပန် Parach Rattanachaipan က ဒီလိုဆိပ်ကမ်းကပ်နားတာဟာ ထိုင်းနဲ့ အမေရိကန် နိုင်ငံတို့ကြား ကာလရှည်ကြာ ရှိခဲ့တဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီလို ရပ်နားချိန်မှာ အမေရိကန် စစ်သည်တွေအနေနဲ့ အနားယူခွင့်ရမှာ ဖြစ်သလို သင်္ဘောတွေအတွက် လိုအပ်တဲ့ ရိက္ခာနဲ့ ဝန်ဆောင်မှုတွေကို ဖြည့်တင်းသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီလာရောက်မှုဟာ ထိုင်းရေတပ်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်တာ ဒါမှမဟုတ် စစ်ဆင်ရေး လုပ်ဆောင်တာမျိုး မဟုတ်သလို၊ ဘယ်နိုင်ငံရဲ့ အခြေအနေနဲ့မှလည်း ဆက်စပ်မှု မရှိဘူးလို့ သူက အလေးအနက် ပြောကြားခဲ့ပါတယ်။

လုပ်ဆောင်ချက် အားလုံးကို ထိုင်းနိုင်ငံရဲ့ ဥပဒေ၊ စည်းမျဉ်းတွေနဲ့ လုံခြုံရေး အစီအမံတွေအတိုင်း ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

ထိုင်းရေတပ်ဘက်ကတော့ လုံခြုံရေး အကြောင်းပြချက်တွေကြောင့် သင်္ဘောနာမည်တွေ၊ သင်္ဘောဆိုက်ကပ်မယ့် နေရာတွေနဲ့ အသေးစိတ် အစီအစဉ်တွေကို ထုတ်ဖော်ပြောကြားဖို့ ငြင်းဆန်ထားပါတယ်။

ကိုးကား – khaosodenglish

#ထိုင်းရေတပ် #အမေရိကန်စစ်သင်္ဘော #စစ်ရေး
#DeltaNewsAgency #DNA
#နိုင်ငံတကာသတင်း