
ကျော်နေဝင်း၊ အေးနေဝင်းတို့က အာဏာသိမ်းပြီးနောက် စစ်တပ်ကို ထောက်ခံကြောင်း ပေါ်ပေါ်ထင်ထင် ထုတ်ပြောထားကြသူတွေဖြစ်ပြီး အသံတိတ်သပိတ်၊ လူထုလှုပ်ရှားမှုတွေမှာ သူတို့ရဲ့ ဘတ်စ်ကားတွေကို အခမဲ့ ပြေးဆွဲတာမျိုးတွေနဲ့ တော်လှန်ရေးကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေ ရှိခဲ့ပါတယ်။
၂၆၊ဩဂုတ်
ရန်ကုန်တိုင်း ၊ လှိုင်မြို့နယ်က နဝရတ်ဟိုတယ် မြေကွက်ကို စစ်အစိုးရက ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို နှစ်ရှည်ငှားရမ်းဖို့အတွက် ဒီလ ၂၄ ရက်နေ့က စပြီး အဆိုပြုတင်ဒါတွေကို ရောင်းချနေပြီး စက်တင်ဘာလ ၉ ရက်နေ့ နောက်ဆုံးထား တင်သွင်းရမှာဖြစ်ပြီး အဲဒီနေ့မှာပဲ အဆိုပြုလွှာတွေကို စစ်ဆေးမယ်လို့ သိရပါတယ်။
“တကယ့် နေရာကောင်းပဲ။ အခုထိ နေဝင်းမျိုးဆက် ပိုင်တယ်ထင်တာ။ ဘယ်တုန်းကတည်းက ပြန်သိမ်းလိုက်လဲ မသိဘူး ” လို့ ရန်ကုန်မြို့က အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူ တဦးက ပြောပါတယ်။
အဲဒီ ဟိုတယ်ဖွင့်လှစ်ခဲ့တဲ့နေရာ မြေ ၅ ဧကနဲ့ အဆောက်အဦ၊ နောက်ထပ် မြေ ၄ ဒဿမ ၂၇၄ ဧက တို့ကို BOT စနစ်နဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ငှားရမ်းလုပ်ကိုင်ခွင့် ပေးသွားမယ်ဆိုပြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက တင်ဒါ အဆိုပြုလွှာ ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။
အဲဒီမြေနေရာကို ပထမ နှစ်သုံးဆယ်၊ထပ်တိုးဆယ်နှစ် နဲ့ နှစ်ရှည် လုပ်ကိုင်ခွင့် ပေးသွားမယ်လို့ တင်ဒါအဆိုပြုလွှာ ဖိတ်ခေါ်ချက်မှာ ဖော်ပြထားပါတယ်။
ရန်ကုန်မြို့ရဲ့ အချက်အခြာကျတဲ့ နေရာဖြစ်တဲ့ မြေဧကကျယ်ကို အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ မျိုးဆက်တွေက ဆယ်စုနှစ် သုံးစုနီးပါး ရယူထားခဲ့တာကနေ စစ်အစိုးရရဲ့ ပြန်လည်သိမ်းယူခံရတာပါ။
လိူင်မြို့နယ်၊ အင်းစိန်လမ်းမနဲ့ ပါရမီလမ်းထောင့်မှာရှိတဲ့ နဝရတ်ဟိုတယ်ကို အာဏာရှင် ဦးနေဝင်းရဲ့ သမီးဖြစ်သူ ဒေါက်တာခင်စန္ဒာဝင်းက ၁၉၉၈လောက်က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး တချိန်က ကြယ်သုံးပွင့် အဆင့်ရှိ ဟိုတယ်တခုအဖြစ် သတ်မှတ်ခံခဲ့ ရပါတယ်။
အဲဒီနောက် ဦးနေဝင်းရဲ့ မြေးဖြစ်သူ ကျော်နေဝင်း၊ အေးနေဝင်းတို့က လက်ဆင့်ကမ်း ဦးစီး၊ဦးဆောင် လုပ်ခဲ့ပြီး ၂၀၀၂ လောက်မှာ စစ်အာဏာရှင် ဦးသန်းရွှေဆီက အာဏာသိမ်းဖို့ လုပ်တယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ ဖမ်းဆီးထိန်းသိမ်း ခံရပြီးနောက် နဝရက်ဟိုတယ် ရပ်နားထားခဲ့တာလို့ ဟိုတယ်လုပ်ငန်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
“ဦးနေဝင်း မြေးတွေ ပြန်လွတ်တော့ ဟိုတယ်ပြန်ဖွင့်မလို့ လုပ်သေးတာ။ အဲဒီနေရာက သူတို့ ပိုင်ဆိုင်သယောင် ဖြစ်သွားသေးတယ် ” လို့ ဟိုတယ်လုပ်ငန်းနဲ့ ပတ်သက်လို့ သင်တန်းပေးနေသူ တဦးက ပြောပါတယ်။
ဦးနေဝင်းရဲ့ သမက်နဲ့ မြေးသုံးယောက်မှာ နိုင်ငံတော် ပုန်ကန်မှု၊ သစ္စာဖောက်မှုတွေနဲ့ သေဒါဏ် ချခံခဲ့ရတာဖြစ်ပြီး ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ နဲ့ ၂၀၁၃ မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတာ ဖြစ်ပါတယ်။
ကျော်နေဝင်းနဲ့ အေးနေဝင်းတို့က ဒီချုပ်အစိုးရလက်ထက်မှာ YBS ကားစနစ် ပြောင်းလိုက်ပြီးနောက် Omini Focus ကုမ္ပဏီထောင်ပြီး ဘတ်စ်ကားယာဥ်လိုင်း ပြေးဆွဲတဲ့ လုပ်ငန်းဝင်ရောက် လုပ်ကိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဘဏ်ချေးငွေနဲ့ တရုတ်နိုင်ငံက ဘတ်စ်ကားဝယ်ယူရာမှာ ဘဏ်အတိုးနဲ့ ချေးငွေ ပြန်မဆပ်တာ၊ အစိုးရဆီ အခွန်ဆောင်ဖို့ ပျက်ကွက်တာတွေကြောင့် ထောက်ပြဝေဖန် ခံနေရပါတယ်။
ဒါ့အပြင် ကျော်နေဝင်း၊ အေးနေဝင်းတို့က အာဏာသိမ်းပြီးနောက် စစ်တပ်ကို ထောက်ခံကြောင်း ပေါ်ပေါ်ထင်ထင် ထုတ်ပြောထားကြသူတွေဖြစ်ပြီး အသံတိတ်သပိတ်၊ လူထုလှုပ်ရှားမှုတွေမှာ သူတို့ရဲ့ ဘတ်စ်ကားတွေကို အခမဲ့ ပြေးဆွဲတာမျိုးတွေနဲ့ တော်လှန်ရေးကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေ ရှိခဲ့ပါတယ်။