ဒေသခံတွေက တောင်းဆိုခဲ့တာကြောင့် ပလက်ဝမြို့ စိမ်းညင်းဝရွှာကို စစ်ကောင်စီဗုံးကြဲခဲ့ရတယ်ဆိုတဲ့ ဝါဒဖြန့်သတင်းမှား
စက်တင်ဘာ ၁၊ ၂၀၂၆။
(Fact-check _DNA/The Red Flag /MFCN)
အာရက္ခတပ်တော် – AA ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ စိမ်းညင်းဝကျေးရွာကို ဗုံးကြဲပေးဖို့ ကျေးရွာနေဒေသခံတွေက တောင်းဆိုခဲ့တာကြောင့် စစ်ကောင်စီက ဗုံးကြဲခဲ့ရတာဖြစ်တယ်ဆိုတဲ့ အကြောင်းအရာတခုဟာ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပါတယ်။
အဲ့ဒီအကြောင်းရာကို စစ်ကောင်စီလော်ဘီချန်နယ်တခုဖြစ်တဲ့ ဘညွန့်ချန်နယ်ကနေ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၄ရက်က “ စိမ်းညှင်းဝကျေးရွာဟောင်းမှာ အခြေပြုစခန်းတွေပြုလုပ်ပြီး နေထိုင်နေကြတဲ့ AA အကြမ်းဖက်အဖွဲ့ကို ဗုံးကြဲချေမှုန်းပေးဖို့ သတင်းပေးပို့လာတာကြောင့် ဩဂုတ်လ ၂၄ ရက်မှာ ဗုံးကြဲချေမှုန်းခဲ့ပါတယ်…AA ခွေးအကောင်တွေ အများကြီးသေကုန်ကြပြီး ဒဏ်ရာရတွေအများကြီးဖြစ်ကုန်လို့ သတင်းပေးပို့ခဲ့တဲ့ ချင်းလူမျိုးတွေကတော့ အင်မတန်ကိုဝမ်းသာအားရကျေနပ်နေကြပြီ” လို့ (မူရင်းအတိုင်း)ရေးသားဖြန့်ဝေထားပါတယ်။
သတင်းမှားလင့် – https://archive.ph/mMFG8
ပျံ့နှံ့လာတဲ့ အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကနေ စစ်ဆေးကြည့်တဲ့အခါမှာ စစ်ကောင်စီလေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့နေရာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေကို တိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။
သတင်းစိစစ်ချက်
ပလက်ဝမြို့နယ်၊ စိမ်းညင်းဝကျေးရွာကို ပြီးခဲ့တဲ့ ဩဂုတ်လ၊ ၂၄ရက်၊ မနက် ၁၁နာရီဝန်းကျင်မှာ လေကြောင်းကတဆင့် ဂျက်ဖိုက်တာယာဥ်အသုံးပြုပြီး ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေကို လေးကြိမ်တိတိဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်ဆိုတဲ့အကြောင်း ရခိုင်ပြည်နယ်အခြေစိုက်မီဒီယာတခုဖြစ်တဲ့ Development Media Group မီဒီယာကနေ ပြီးခဲ့တဲ့ ဩဂုတ်လ၊ ၂၄ရက်က သတင်းရေးသားဖော်ပြခဲ့ပါတယ်။
DMG သတင်းဌာနကဖော်ပြထားတဲ့သတင်း>>> https://www.facebook.com/share/p/1DvReWYFgm/
ဂျက်ဖိုက်တာနဲ့ လေကြောင်းသုံးတိုက်ခိုက်ခဲ့တဲ့ နေရာတွေဟာ ဒေသခံတွေနေထိုင်တဲ့ စိမ်းညင်းဝရွာအလယ်ပိုင်း၊ ဘုန်းကြီးကျောင်းနဲ့ ကလေးတွေစာသင်တဲ့ စာသင်ကျောင်းတွေကို ဗုံးကျပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ၅ဦး သေဆုံးခဲ့ပြီး၊ ၁၇ဦးဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရရှိသူတွေထဲမှာ ကလေးတွေလည်းပါဝင်တယ်လို့ ရခိုင်ပြည်အခြေစိုက် သတင်းဌာနတခုဖြစ်တဲ့ Western News သတင်းဌာနကနေ သတင်းဖော်ပြထားပါတယ်။
Western Newsသတင်းဌာနကနေဖော်ပြထားတဲ့သတင်း >>> https://www.facebook.com/share/p/1GtPFVTEHr/
စစ်ကောင်စီရဲ့လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ မူလတန်းအရွယ် ကလေးငယ်၉ယောက်ပါဝင်နေပြီး လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ဒေသခံပြည်သူတွေရဲ့နေအိမ်ရုပ်ပုံတွေကို ရခိုင်ပြည်အခြေပြု သတင်းဌာနတခုဖြစ်တဲ့ Narinjara သတင်းရုပ်သံဖော်ပြထားပါတယ်။
Narinjara သတင်းဌာနကဖော်ပြထားတဲသတင်း >>> https://www.facebook.com/share/v/1CA1yxPCLn/
သတင်းသုံးသပ်ချက်
စစ်ကောင်စီလေကြောင်းကြောင့် ထိခိုက်သေဆုံးသူတွေထဲမှာ ၁၀နှစ်အရွယ်ကလေးငယ်တဦးနဲ့ အသက် တနှစ်အရွယ်ကလေးငယ်တဦးတို့ပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ မူလတန်းကျောင်းသား၊ ကျောင်းသူ ရှစ်ယောက်ပါဝင်တာကိုတွေ့ရပါတယ်။
လေကြောင်းကြောင့်ထိခိုက်ခဲ့တဲ့နေရာတွေဟာ အရပ်သားပစ်မှတ်တွေဖြစ်တဲ့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ လူနေအိမ်တွေဖြစ်တာကြောင့် ဒေသခံတွေဟာ စစ်ကောင်စီကို သူတို့နေထိုင်ရာ ကျေးရွာက်ိုဗုံးကြဲတိုက်ခိုက်ပေးဖို့တောင်းဆိုတယ်ဆိုတဲ့ အကြောင်းအရာဟာ မှားနေပြီး အရပ်သားပစ်မှတ်ထိခိုက်မှုကို ဖုံးကွယ်ဖို့ ဝါဒဖြန့်ရေးသားထားတဲ့ သတင်းမှားတခုဖြစ်တာကို တွေ့ရပါတယ်။
ဒီကနေ့ခေတ်ဟာ လူမှုမီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီလူမှုဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck@gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#DNAFactCheck #DNA #MFCN #FactCheck #သတင်းတု_သတင်းမှား #အချက်အလက်စိစစ်ချက်