မြန်အောင် ဟင်္သာတ ဇလွန်မြို့တွေမှာ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်နေပြီ

“အုတ်နံရံ ပြိုကျလာရင်တော့ မတွေးရဲစရာပါ။ ဒီတာက နှစ်တိုင်းလိုလို မြေတွေဖို့ပြီး ကာရတယ်” လို့ မြန်အောင်ဒေသခံတဦးက ဒီနေ့ ည နေငါးနာရီဝန်းကျင်မှာ ပြောပါတယ်။

၁၄၊ ဩဂုတ်။

ဧရာဝတီ မြစ်ကမ်းဘေးမှာရှိနေတဲ့ မြန်အောင် ၊ ဟင်္သာတနဲ့ ဇလွန်မြို့တွေရဲ့ မြစ်ရေဟာ စိုးရိမ်ရေမှတ်ထက် စင်တီ မီတာ ၃၀ နီးပါး ကျော်လွန်လာနေပြီး နောက် ၂၄ နာရီအတွင်း ၂၅ စင်တီမီတာလောက် ထပ်တက်နိုင်သေးတယ် လို့ မိုးလေဝသနဲ့ ဇလဗေဒ(မိုးဇလ)ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မိုးဇလက ဒီနေ့ ဩဂုတ် ၁၄ ရက် နေ့လယ် ၁၂ နာရီခွဲအချိန်တိုင်းထွာချက်ကို ထုတ်ပြန်ထားတာပါ။ အဲဒီလို မြစ်ရေ မြင့်တက်နေတဲ့အပြင် ဇလွန်မြို့နယ် ရေပေါက်ကြီးကျေးရွာအနီး မြစ်ကမ်းပါးပြိုနေပြီး ညောင်ပင်သာတာဟာလည်း အိဆင်းနေတာကြောင့် တာကျိုးပေါက်သွားမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

“ရေတွေကတော့ မကြီးသေးပါဘူး။ တာတွေကို စိုးရိမ်ရတဲ့ အနေအထားပဲ ရှိပါသေးတယ်။ ဟင်္သာတဘက်မှာတော့ လဟာပရွာထိ ရေတက်လာတယ် ပြောတယ်” လို့ ဇလွန်မြို့နယ်မှ လူမှုကူညီရေးလုပ်နေသူတဦးက ပြောပါတယ်။

ဒါ့အပြင် ဧရာဝတီမြစ်ကမ်းဘေးတည်ရှိတဲ့ မြန်အောင်မြို့မှာလည်း မြစ်ရေမြင့်တက်နေပြီး မကျီးစုတာရဲ့ တာထိမ်း အုတ်နံရံကို ရေကျော်ဖို့ တပေလောက်ပဲ လိုတော့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“အုတ်နံရံ ပြိုကျလာရင်တော့ မတွေးရဲစရာပါ။ ဒီတာက နှစ်တိုင်းလိုလို မြေတွေဖို့ပြီး ကာရတယ်” လို့ မြန်အောင်ဒေသခံတဦးက ဒီနေ့ ည နေငါးနာရီဝန်းကျင်မှာ ပြောပါတယ်။

ဒါ့အပြင် တာတွင်းမှာ ရေကြီးနေတဲ့ ရေကြည်မြို့နယ် ငသိုင်းချောင်းမြို့မှာလည်း ငဝန်မြစ်ရေဟာလည်း စိုးရိမ်နေရမှတ်ရောက်ဖို့ ၂၄ စင်တီမီတာသာ လိုတော့ပြီး နောက်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်တယ်လို့ မိုးဇလက ဆိုပါ တယ်။

လေးမျက်နှာမြို့တည့်တည့် ငဝန်မြစ်တာပေါင် ကျိုးကျပြီး လေးမျက်နှာ၊ ဟင်္သာတ၊ ကျုံပျော်၊ ရေကြည်မြို့နယ်တွေမှာ ရေကြီးနေချိန် ဧရာ၀တီမြစ်ကမ်း တာတွေကျိုးပေါက်မယ့်အန္တရာယ်ကိုပါ ဒေသခံတွေ စိုးရိမ်နေကြရတာပါ။

ဇလွန်မြို့နယ် အတွင်းက ညောင်ပင်သာတာနဲ့ တမိုင်ဝန်းကျင်အကွာ ရေပေါက်ကြီးကျေးရွာမှာ မြစ်ကမ်းပါးပြိုကျ လို့ လူနေအိမ် တဆယ်ကျော် အရေးပေါ်ရွေ့ပြောင်းထားရပါတယ်။

အဲဒီလို စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်တာကြောင့် ရေပေါက်ကြီးရွာ မြစ်ကမ်းကို လုပ်နေကျအတိုင်း လူအားနဲ့ ဝါးစိုက်၊ သဲဖို့တာထက် နိုင်ငံတော်အဆင့် ပညာရှင်တွေနဲ့ ကာကွယ်ရေးအစီအမံတွေလုပ်ဖို့လိုအပ်နေတယ်လို့ လွှတ်တော် ကိုယ်စားလှယ်နဲ့ ဒေသခံတွေက တင်ပြ၊ တောင်းဆိုနေကြပါတယ်။

အဲဒီ ဧရာ၀တီမြစ် ထိန်းတာသာ ကျိုးသွားခဲ့ရင် ဧရာ၀တီတိုင်းတခုလုံး ရေလွှမ်းသွားနိုင်တာကြောင့် အရေးတကြီး အချိန်မီ ကာကွယ်ရေး လုပ်ကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဧရာဝတီ မြစ်ကမ်းတလျှောက် ကျေးရွာတွေမှာ မြစ်ကမ်းပါးပြိုကျလို့ လူနေအိမ်တွေ ပြိုကျ၊ ပျက်စီးတာတွေ နှစ် တိုင်းရှိနေပြီး ဒါတွေဟာ မြစ်ကြောင်းတလျှောက် မြစ်သဲ၊ ကျောက် အလွန်အကျွံ စုပ်ယူတာကြောင့်ဖြစ်ကာ စစ်အစိုးရဟာ အဲဒီလို မြစ်သဲကျောက်စုပ်ယူတာတွေကို ခွင့်ပြုပေးထားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဧရာဝတီမြစ်ရဲ့ မြစ်လက်တက်ဖြစ်တဲ့ ငဝန်မြစ်တာဘောင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့ညက လေးမျက်နှာမြို့ တည့်တည့် နေရာက ကျိုးကျသွားခဲ့တာဖြစ်ပြီး ပြည်သူသောင်းချီ ရေဘေးသင့်နေပြီး နှစ်ပတ်ကြာတဲ့အထိ တာပေါက်မပိတ်နိုင်သေးပါဘူး။

#ဧရာဝတီတိုင်း #မြန်အောင် #ဟင်္သာတ #ဇလွန် #စိုးရိမ်ရေမှတ် #ဧရာဝတီမြစ်ရေ
#DeltaNewsAgency #DNA