အိမ်ခြံမြေနှင့် အဆောက်အဦးရောင်းချတဲ့အပေါ် အခွန်တိုးကောက်ဖို့ ပြင်ဆင်နေ

“စံသတ်မှတ်စျေးနဲ့ အပြင်ပေါက်စျေး ဘယ်တုန်းကမှ တပြေးတည်း မရှိဘူး။ စံနှူန်းက လိုက်ညှိရင် အပြင်စျေးက ထပ်တက်မှာပဲ”

၁၄၊ဩဂုတ်

ရန်ကုန်မြို့က အိမ်ခြံမြေနဲ့ အဆောက်အဦ ဝယ်ယူရောင်းချတဲ့အပေါ် ကောက်ခံတဲ့ အခွန်နှုန်းထားကို တိုးမြှင့်သွားဖို့ စစ်အစိုးရဖက်က ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အိမ်ခြံမြေနဲ့ အဆောက်အဦတွေကို သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း အခွန်ကောက်တာဖြစ်ပြီး လက်ရှိအချိန်မှာ အပြင်ကာလ ပေါက်စျေးက များနေတာကြောင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့က ချိန်ညှိပြင်ဆင်ဖို့ လုပ်နေတာလို့ သိရပါတယ်။

“စံသတ်မှတ်နှုန်း ပြောင်းမယ်ဆိုတာကို အသိပေးထားတယ်။ ဘယ်တော့ ဖြစ်မလဲတော့ မသိရသေးဘူး။ စံနှုန်းတိုးရတဲ့ အ​ကြောင်းအရင်းက အခွန်ပိုရဖို့ သက်သက်ပဲ။ သေချာတာက စံနှုန်းတိုးရင် အပြင်ကာလ ပေါက်စျေးက ဒီအတိုင်း ဆက်ရှိနေမှာတော့ မဟုတ်ဘူး”လို့ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း ဖွင့်လှစ်လုပ် ကိုင်နေသူ တဦးက ပြောပါတယ်။

ရန်ကုန်တိုင်းအစိုးရက အိမ်ခြံမြေနဲ့ အဆောက်အဦတွေရဲ့ ကာလပေါက်စျေးမှာ အခွန်ကောက်ဖို့ စံသတ်မှတ်ထားတာထက် ပိုများနေတဲ့အတွက် စံနှူန်းပြင်ဆင် သတ်မှတ်ရေးအဖွဲ့ကို နှူန်းထားပြောင်းလဲဖို့ အခုလဆန်းပိုင်းမှာ တာဝန်ပေးထားကြောင်း သက်ဆိုင်တဲ့ အကျိုးဆောင် ကုမ္ပဏီတွေဆီ အသိပေးထားတာလို့ ဆိုပါတယ်။

အဲဒီလို စံနူန်းပြောင်းလဲရင် ပြင်ပပေါက်စျေးလည်း ​ထပ်မြင့်တက်နိုင်တဲ့အတွက် ဝယ်ယူသူတွေပဲ နစ်နာရမယ့် သဘောရှိတယ်လို့ အရပ်ပွဲစားတဦးက ဆိုပါတယ်။

“စံသတ်မှတ်စျေးနဲ့ အပြင်ပေါက်စျေး ဘယ်တုန်းကမှ တပြေးတည်း မရှိဘူး။ စံနှူန်းက လိုက်ညှိရင် အပြင်စျေးက ထပ်တက်မှာပဲ”လို့ သူကပြောပါတယ်။

လက်ရှိ ရန်ကုန်မြို့မှာ အိမ်ခြံမြေ​ ရောင်းစျေးနဲ့ ငှားရမ်းခ မြင့်တက်နေတာကြောင့် နေထိုင်ရေး အခက်တွေ့သူ များနေပြီး စျေးထပ်တက်ရင် ပိုဆိုးတဲ့ အခြေအနေ ကြုံတွေ့ရနိူင်တယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။

#ရန်ကုန် #အိမ်ခြံမြေ #အခွန် #ရောင်းချ
#DeltaNewsAgency #DNA