လေးမျက်နှာရေဘေးအတွက် အာဟာရမုန့် မက်ထရစ်တန် ၂၀ ပို့ထားတဲ့ WFP

“ရေကြီးတာက ထပ်ခါတလဲလဲ ဖြစ်နေကျ ဘေးအန္တရာယ်တခု ဆိုပေမယ့်၊ ဒီနှစ်မှာတော့ တခြားအကြပ်အတည်း မျိုးစုံကြောင့် အတော်လေးကို ရုန်းကန်နေရတဲ့ ပြည်သူတွေကို ပိုမို ဒုက္ခရောက်စေပါတယ်”

၁၅၊ ဩဂုတ်။

မြန်မာနိုင်ငံရှိ ပြင်းထန်တဲ့ လူသားချင်းစာနာ မှုအကြပ်အတည်းအပေါ် မုတ်သုံရေကြီးရေလျှံမှုတွေ ထပ်ဆင့်ရိုက် ခတ်လာချိန် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်နေပြီဖြစ်ပြီး ဧရာ၀တီတိုင်း လေးမျက်နှာမြို့နယ်မှာ အာဟာရဖြည့် ဘီစကွတ်တွေ ဖြန့်ဝေခဲ့တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)က ထုတ်ပြန်ပါတယ်။

မုတ်သုံရေကြီးရေလျှံမှုတွေကြောင့် ထိခိုက်လွယ်တဲ့ ပြည်သူတွေအကြား စားနပ်ရိက္ခာ ပြတ်လပ်မှုအန္တရာယ် ပိုမိုဆိုး ရွားလာနိုင်တဲ့အတွက် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်လိုက်တာလို့ ဆိုပါတယ်။
WFP အနေနဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူတွေကို ကူညီပံ့ပိုးပေးနေတဲ့ ဒေသခံ မိတ်ဖက်အ ဖွဲ့တွေဆီ အာဟာရဖြည့်ဘီစကွတ် မက်ထရစ်တန်ချိန် ၂၀ ကို ပေးပို့ထားပြီးဖြစ်ကာ အဲဒီအထောက်အပံ့ဟာ လူဦး ရေတသောင်းအတွက် လုံလောက်မှုရှိပြီး ရိက္ခာဖြန့်ဝေမှုဆက်လုပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

“ရေကြီးတာက ထပ်ခါတလဲလဲ ဖြစ်နေကျ ဘေးအန္တရာယ်တခု ဆိုပေမယ့်၊ ဒီနှစ်မှာတော့ တခြားအကြပ်အတည်း မျိုးစုံကြောင့် အတော်လေးကို ရုန်းကန်နေရတဲ့ ပြည်သူတွေကို ပိုမို ဒုက္ခရောက်စေပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ WFP ဌာနေကိုယ်စားလှယ် Mr. Michael Dunford က ပြောပါတယ်။

စားဝတ်နေရေးအတွက်ကို အနိုင်နိုင်ရုန်းကန်နေရတဲ့ မိသားစုတွေဟာ အခုဆိုရင် နေအိမ်တွေ ရေနစ်မြုပ်၊ သီးနှံတွေ ပျက်စီးကာ သောက်သုံးရေတွေ ညစ်ညမ်းသွားတဲ့အပြင် ဈေးဆိုင်တွေလည်း မလည်ပတ်နိုင်တော့တာမျိုးတွေကိုပါ ရင်ဆိုင်နေကြရတယ်လို့ သူက ဆိုပါတယ်။
“WFP အနေနဲ့ လတ်တလော စားနပ်ရိက္ခာအကူအညီတွေပေးနိုင်ဖို့ အမြန်ဆုံး လှုပ်ရှားဆောင်ရွက်နေပါတယ်။ ဒါ ပေမယ့် ရေကြီးတာက ဆက်ပြီးကြာနေမယ်ဆိုရင်တော့ အခြေအနေတွေ အလျင်အမြန် ဆိုးရွားသွားနိုင်ပါတယ်” လို့ Mr. Michael Dunford က ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့ကစပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကာတာကျိုးပေါက်ကာ ကျေးရွာများနဲ့ ရပ်ကွက်တွေအတွင်း ရေဝင်ရောက်ခဲ့တဲ့ လေးမျက်နှာမြို့နယ်မှာ ရပ်ကွက် (၅)ရပ်ကွက်နဲ့ ကျေးရွာပေါင်း (၉၈) ရွာမှ လူဦးရေ ၃၂၀၀၀ ကျော် ရေဘေးသင့်ခဲ့တယ်လို့ WFP ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဧရာ၀တီတိုင်း အခြားဒေသတွေက ရေကြီးရေလျှံမှု အတိုင်းအတာအခြေအနေအပြည့်အစုံကိုတော့ ဆက်လက်စာ ရင်းကောက်ယူ အတည်ပြုနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာရမှုတွေ၊ စီးပွားရေး ကျပ်တည်းမှုတွေ၊ စားနပ်ရိက္ခာဈေးနှုန်း ကြီးမြင့်မှုတွေ နဲ့ ထပ်ခါတလဲလဲ ကြုံတွေ့ရတဲ့ ဘေးဒဏ်တွေစတဲ့ အကျိုးဆက်တွေပေါင်းစုံလာတာကြောင့် လူဦးရေ ၁၂ ဒသမ ၄ သန်းလောက်ဟာ ဆာလောင်မွတ်သိပ်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ WFP က ပြောပါတယ်။

ရေကြီးမှုနောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေကို စောင့်ကြည့်နေပြီး ရေဘေးသင့်ပြည်နယ်နဲ့ တိုင်းအားလုံးရှိ လိုအပ်ချက်တွေကို ဆန်းစစ်ကာ သွားလာခွင့် ရရှိနိုင်မှုအခြေအနေနဲ့ ရရှိနိုင်တဲ့ ရန်ပုံငွေအရင်းအမြစ်တွေအပေါ် မူ တည်ကာ စားနပ်ရိက္ခာထောက်ပံ့မှုတွေ တိုးလုပ်သွားဖို့ အသင့်ရှိနေတယ်လို့လည်း ဆိုထားပါတယ်။

လက်ရှိကြုံတွေ့နေရတဲ့ ပြင်းထန်တဲ့ စားနပ်ရိက္ခာအကြပ်အတည်း ပိုမိုဆိုးရွားမလာစေရေးအတွက် ရေဘေးသင့် မိသားစုတွေဆီ အချိန်မီအဟန့်အတားမရှိ သွားရောက်ကူညီခွင့်ရဖို့ အရေးပေါ်ရန်ပုံငွေများ ရရှိရန်မှာ အလွန် အရေးကြီးနေတယ်လို့ WFP က ပြောပါတယ်။

ဧရာ၀တီတိုင်းအတွင်းက ငဝန်မြစ်တာဘောင်ကျိုးကျမှုကြောင့် လေးမျက်နှာ၊ ဟင်္သာတ၊ ကျုံပျော်၊ ရေကြည်မြို့ တို့အပါအဝင် စစ်ကိုင်း၊ ရခိုင်၊ မန္တလေးနဲ့ ပဲခူးတိုင်းတို့အတွင်းက မြို့နယ်ပေါင်း ၄၁ ခုမှာ ရေဘေးသင့်ပြည်သူ ၁ ဒသမ ၃ သန်းထက်မနည်းရှိနိုင်တယ်လို့ ISP Myanmar က ထုတ်ပြန်ထားပါတယ်။

#ဧရာဝတီတိုင်း #လေးမျက်နှာ #ရေဘေး #အာဟာရမုန့် #WFP
#DeltaNewsAgency #DNA