ထိုင်းနဲ့ FBI ပူးပေါင်းပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းမယ်

FBI ညွှန်ကြားရေးမှူး ပါတေးလ်က ဇူလိုင် ၂၀ ရက်ကနေ ၂၁ ရက်အထိ ဘန်ကောက်မှာ ကျင်းပခဲ့တဲ့ Summit for the Scam Centers ထိပ်သီးအစည်းအဝေး ကို ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခဲ့တဲ့အတွက် ထိုင်းနိုင်ငံကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး ထိုင်းနိုင်ငံဟာ အွန်လိုင်းငွေလိမ်မှု တိုက်ဖျက်ရေးမှာ ဒေသတွင်း အရေးပါတဲ့ ဥပဒေစိုးမိုးရေး မိတ်ဖက်နိုင်ငံ ဖြစ်တယ်လို့ တင်စားပြောဆိုခဲ့ပါတယ်။

၂၅ ၊ ဇူလိုင်
ထိုင်းနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ အွန်လိုင်းငွေလိမ်တဲ့ ကျားဖြန်စခန်းတွေနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ပိုမိုပြင်းပြင်းထန်ထန် ပူးပေါင်းနှိမ်နင်းဖို့ သဘောတူလိုက်ကြပါတယ်။ ဒီနေရာမှာ အောက်ခြေအဆင့် ကျူးလွန်သူတွေကိုပဲ ဖမ်းဆီးတာမျိုး မဟုတ်ဘဲ ရာဇဝတ်ဂိုဏ်းတစ်ခုလုံးကို အမြစ်ဖြတ်ဖို့ ပစ်မှတ်ထား ဆောင်ရွက်သွားကြမှာလို့ သိရပါတယ်။
ထိုင်းဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီး အနုတင် ချာန်ဗီရာကူးလ်ဟာ ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ အမေရိကန် ထောက်လှမ်းရေးဗျူရို (FBI) ညွှန်ကြားရေးမှူး ကက်ရှ် ပါတေးလ်ကို ဇူလိုင်လ ၂၂ရက်နေ့ မနက်ပိုင်းက အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံခဲ့ပါတယ်။
သူတို့ရဲ့ ဆွေးနွေးပွဲမှာ ကြီးမားတဲ့ စီးပွားရေးနဲ့ လူမှုရေး ခြိမ်းခြောက်မှုတခု ဖြစ်လာနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နိုင်ငံတကာအဆင့် ပူးပေါင်းနှိမ်နင်းရေး ပိုမိုတိုးချဲ့ဖို့ အဓိကထား ဆွေးနွေးခဲ့ကြပါတယ်‌။
ဒီအခြေအနေဟာ အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံကို လာရောက်ဖို့ သီတင်းပတ်အနည်းငယ် အလိုမှာပဲ အခုလို အမေရိကန် FBI ညွှန်ကြားရေးမှူး ထိုင်းနိုင်ငံကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ အခြေစိုက်ပြီး အမေရိကန်နိုင်ငံသားတွေအပါအဝင် ကမ္ဘာတစ်ဝှမ်းက လူတွေကို လိမ်လည်နေတဲ့ ကျားဖြန့် ရာဇဝတ်လုပ်ငန်းတွေကို အမြစ်ဖြတ်ဖို့အတွက် အမေရိကန်နဲ့ ထိုင်းအစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်နေချိန်လည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေနဲ့ နည်းပညာဆိုင်ရာ လိမ်လည်မှုတွေ နှိမ်နင်းတာကို အမျိုးသားအဆင့် ဦးစားပေးလုပ်ငန်းအဖြစ် သတ်မှတ်ထားပြီး ရာဇဝတ်ဂိုဏ်းတွေနဲ့ ဆက်စပ်နေတဲ့ တရားမဝင်ငွေကြေးတွေကို ခြေရာခံဖို့နဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းဖို့အတွက် ဥပဒေစိုးမိုးရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းတွေကို ပူးပေါင်းဆောင်ရွက်စေတယ်လို့ အနုတင်က ပြောပါတယ်။
အစိုးရရဲ့ ပြောကြားချက်အရ ထိုင်းအာဏာပိုင်တွေဟာ ငွေလိမ်ဂိုဏ်းတွေနဲ့ အခြားစနစ်တကျ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ဆက်စပ်နေတဲ့ အမှုတွေမှာ ဘတ်ငွေ ဘီလီယံပေါင်း သောင်းနဲ့ချီတန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်လိုက်တာ ဒါမှမဟုတ် သိမ်းဆည်းတာတွေ လုပ်ဆောင်ထားပြီးဖြစ်ပါတယ်။
ဒါ့အပြင် FBI ဟာ အရှေ့တောင်အာရှမှာရှိတဲ့ ငွေလိမ်စခန်းတွေကို ထိုင်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်းနှိမ်နင်းနေမှုကို ထိရောက်စွာ အလေးပေးပြောဆိုခဲ့ပြီး အဲဒီထဲမှာ ထိုင်းနိုင်ငံရှိ သံသယရှိတဲ့ ငွေလိမ်ဂိုဏ်းတွေဆီက သိမ်းဆည်းရမိထားတဲ့ ဖုန်းတွေကို အသုံးပြုပြီး လုပ်ဆောင်တာတွေလည်း ပါဝင်ပါတယ်။
FBI ညွှန်ကြားရေးမှူး ပါတေးလ်က ဇူလိုင် ၂၀ ရက်ကနေ ၂၁ ရက်အထိ ဘန်ကောက်မှာ ကျင်းပခဲ့တဲ့ Summit for the Scam Centers ထိပ်သီးအစည်းအဝေး ကို ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခဲ့တဲ့အတွက် ထိုင်းနိုင်ငံကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး ထိုင်းနိုင်ငံဟာ အွန်လိုင်းငွေလိမ်မှု တိုက်ဖျက်ရေးမှာ ဒေသတွင်း အရေးပါတဲ့ ဥပဒေစိုးမိုးရေး မိတ်ဖက်နိုင်ငံ ဖြစ်တယ်လို့ တင်စားပြောဆိုခဲ့ပါတယ်။
အဲဒီအစည်းအဝေးမှာ အာဏာပိုင် နယ်နိမိတ်အများအပြားကို ကျော်လွန်လုပ်ဆောင်နေပြီး အွန်လိုင်းလိမ်လည်မှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှု၊ ငွေကြေးခဝါချမှုနဲ့ လူကုန်ကူးမှုတွေ ပါဝင်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေကို ပူးပေါင်းတုံ့ပြန်ဆောင်ရွက်ဖို့ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းတွေ စုစည်းဆွေးနွေးခဲ့ကြတာပါ။
အမေရိကန်နိုင်ငံသားတွေအပါအဝင် သားကောင်ဖြစ်သူတွေဆီကနေ ဒေါ်လာဘီလီယံပေါင်းများစွာ လိမ်လည်ထားတဲ့ ငွေလိမ်ဂိုဏ်းတွေနဲ့ အွန်လိုင်းလိမ်လည်မှု အဖွဲ့အစည်းတွေကို တိုက်ဖျက်ဖို့ FBI ဟာ ပြည်ပမိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပါတေးလ်က အရင်ကလည်း ပြောထားဖူးပါတယ်။
Ref – nationthailand