ပြည်ပက စပါးအဝယ်တက်နေပေမယ့် လယ်သမားတွေဘဝ ခက်ခဲနေဆဲ

 

“အခုလည်း အဝယ်သမားတွေ ရှိနေတယ်။ ခက်တာက လယ်သမားတွေမှာ စပါးမရှိတော့ဘူး။ ဆန်စက်သမားတွေနဲ့ ကုန်သည်တွေမှာပဲ လှောင်ထားတာရှိတယ်”

၂၅၊ ဇူလိုင်။

ပြည်ပကို ဆန်တင်ပို့မှုပမာဏ ဆက်တိုက်တိုးလာနေပေမယ့်  အခြေခံ လယ်သမားတွေ အဖို့တော့ အမြတ်အစွန်း နည်းနေပြီး ဈေးကွက်ခေါင်းပုံ အဖြတ်ခံနေရတဲ့ အခြေအနေတွေ ရှိနေပါတယ်။

၂၀၂၃ ခုနှစ်ကနေ ဒီနှစ်အထိ သုံးနှစ်ဆက်တိုက် ပြည်ပစပါး တင်ပို့မှုပမာဏ တက်လာခဲ့တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ – ၂၀၂၄ ခုနှစ်မှာ ပြည်ပစပါးတင်ပို့မှု ပမာဏ မက်ထရစ်တန် ၁၆၈၀၀၀ ကျော်၊ ၂၀၂၄ – ၂၀၂၅ ခုနှစ်မှာ မက်ထရစ်တန် ၂၄၈၀၀၀ ကျော်နဲ့ ၂၀၂၅ – ၂၀၂၆ ခုနှစ်မှာ ၂၇၄၀၀၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို ပြည်ပဆန်တင်ပို့မှု ပမာဏ ဆက်တိုက်တက်လာပေမယ့် စပါးစိုက်ပျိုးထုတ်လုပ်တဲ့ လယ်သမားတွေမှာတော့ စက်သုံးဆီစျေး၊ ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ထွန်ယက်၊ ရိတ်သိမ်းခ၊ အလုပ်သမားစရိတ် စတဲ့ သွင်းအားစုတွေ စျေးကြီးနေတာကြောင့် အမြတ်မရကြဘူးလို့ ဆိုကြပါတယ်။

“ငါတို့ လယ်သမားတွေမှာ မရှုံးရင်ကို မြတ်တာပဲ၊ အမြတ်များများရတယ်လို့ မရှိဘူး။ ဟိုးတုန်းကတော့ လယ်လုပ်လို့ မြတ်ခဲ့တာပေ့ါ။ အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက လယ်လုပ်လို့ မြတ်တဲ့သူဆိုတာ ခပ်ရှားရှားပဲ၊ စရိတ်ကြီးတယ်။ စပါးထွက်ချိန်ဆိုရင် စျေးက သူ့အလိုလိုကျသွားပြီ၊ ဘယ်လိုမှ အဆင်မပြေဘူး” လို့ မြန်အောင်မြို့နယ်မှ လယ်သမားတဦးဖြစ်တဲ့ ဦးအောင်က ပြောပါတယ်။

အဲဒီလို ပြည်ပစပါးတင်ပို့မှု ပမာဏတက်လာပေမယ့် လယ်သမားတွေ အကျိုးအမြတ် မရတာဟာ စစ်တပ်အာဏာ သိမ်းမှုနောက်ဆက်တွဲ သယ်ယူစရိတ်မြင့်မားတာ၊ ဂိတ်ကြေးပေးရတာနဲ့ စပါးကုန်သည်တွေရဲ့ စျေးကစားမှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

“လမ်းစရိတ်ကြီးတယ်။ လမ်းစရိတ်က အရင်ထက် အဆများစွာ တက်သွားတယ်လေ။ ကားခတွေပေ့ါ။ ကြိတ်ခွဲခလည်း စျေးကြီးတာပဲ။ နောက်တခုက ကုန်သည်ကြီးတွေ စျေးကစားတာ စပါးလှိုင်ချိန်ဆိုရင် အဝယ်မရှိသလိုလိုနဲ့ စျေးနှိမ်လိုက်တယ်။ ဒါတွေနဲ့ ဆိုင်မယ်ထင်တယ်” ပုသိမ်ဒေသခံ စပါးဝယ်ရောင်း လုပ်နေသူတဦးက ပြောပါတယ်။

တောင်သူတွေဟာ စပါးပေါ်ချိန်မှာ ကြိုယူထားတဲ့ အကြွေးတွေကို ပြန်ဆပ်နိုင်ဖို့ ရတဲ့စျေးနဲ့ ထုတ်ရောင်းကြပြီး လယ်သမားတွေလက်ထဲ စပါးမရှိတော့ချိန် စပါးစျေးတက်လာတာဖြစ်ပါတယ်။

 

လက်ရှိမှာလည်း ဧရာ၀တီတိုင်းအတွင်း စပါးပေါ်ချိန်တုန်းက ကျပ် ၁၅ သိန်းဝန်းကျင်သာရှိခဲ့တဲ့ စပါးတွေဟာ အခု ဆိုရင် ကျပ်သိန်း ၂၀ ကျော်ထိ စျေးတက်နေပြီး ကျပ်သိန်း ၃၀ ဝန်းကျင်ရှိခဲ့တဲ့ ပေါ်ဆန်းမွှေး စပါးတွေဟာလည်း အခုအခါ ကျပ်သိန်း ၅၀ ကနေ ၆၀ ဝန်း ကျင်ထိ စျေးတက်နေပြီလို့ ဆိုပါတယ်။

“အခုလည်း အဝယ်သမားတွေ ရှိနေတယ်။ ခက်တာက လယ်သမားတွေမှာ စပါးမရှိတော့ဘူး။ ဆန်စက်သမားတွေနဲ့ ကုန်သည်တွေမှာပဲ လှောင်ထားတာရှိတယ်” လို့ ပုသိမ်ဒေသခံ စပါးအရောင်းအဝယ် လုပ်နေသူက ပြောပါတယ်။

ပြည်ပကို ဆန်နဲ့ ဆန်ကွဲတင်ပို့မှုဟာ ပြီးခဲ့တဲ့ ဧပြီလမှာ တန်ချိန် ၁၆၉၀၀၀ ကျော်၊ မေလမှာ တန်ချိန် ၁၃၆၀၀၀ ကျော်ရှိခဲ့ရာကနေ ဇွန်လမှာတော့ တန်ချိန် ၂၂၃၀၀၀ ကျော်ထိ တိုးသွားခဲ့တယ်လို့ ဆန်စပါးအသင်းချုပ်ရဲ့ အချက် အလက်တွေက ဆိုပါတယ်။

အဲဒီလို ပြည်ပစပါး အဝယ်လိုက်နေချိန် ဧရာ၀တီတိုင်း အတွင်းမှာ လက်ရှိမှာ အညာသား၊ ရက် ၉၀ စတဲ့ စပါးတွေဟာ တင်းတရာကို ကျပ် ၂၄ သိန်းကနေ ၂၆ သိန်းဝန်းကျင်ထိ စျေးရှိနေပြီး G11 ၊ ဆာဖိုးသာစတဲ့စပါးတွေကတော့ တင်းတရာကို ကျပ်သိန်း ၂၀ ကနေ ၂၃ သိန်းဝန်းကျင်ထိ စျေးရှိနေကာ ပေါ်ဆန်းမွှေး၊ ကျားပျံစတဲ့စပါးတွေဟာ လည်း အခုအခါ ကျပ်သိန်း ၅၀ ကျော်ကနေ ၆၀ ဝန်းကျင်ထိ စျေးရှိနေတာပါ။

ဧရာ၀တီတိုင်းအတွင်းမှာ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း လယ်ယာသွင်းအားစုတွေ စျေးတက်တာ၊ လယ်ယာ ထွက်ကုန် စပါးစျေးမရတာ၊ ပိုးမွှားဖျက်ဆီးတာတွေကြောင့် လယ်သမားအများစုဟာ အရှုံးနဲ့ ကြုံနေကြရပြီး လယ်ယာမြေတွေကို ရောင်းချ၊ ပေါင်နှံရတဲ့သူတွေလည်း များလာနေတယ်လို့ လယ်သမားအရေး ဆောင်ရွက်သူတွေက ပြောထားကြပါတယ်။

“စနစ်ကြောင့်လို့ ပြောရမယ်။ အစိုးရကလည်း လယ်သမားတွေအတွက် ဘာမှ လုပ်ပေးတာ မရှိဘူး။ အစိုးရတရပ်အနေနဲ့  သွင်းအားစုတွေ သက်သက်သာသာနဲ့ ရနိုင်အောင် လုပ်ပေးရင် လယ်သမားတွေမှာ ခံသာတယ်” လို့ ဟင်္သာတ ဒေသခံလယ်သမားအရေးဆောင်ရွက်သူတဦးက ပြောထားပါတယ်။

တဖက်မှာလည်း အရှုံးပေါ်နေတဲ့ လယ်သမားတွေကို လယ်ယာဖွံ့ဖြိုးရေးဘဏ်ကလည်း သူတို့ထုတ်ချေးထားတဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေကို အချိန်မီ ပြန်ဆပ်ကြဖို့ ဖိအားပေး၊ ခြိမ်းခြောက် တောင်းခံတာတွေလည်း ရှိနေပါတယ်။

ဧရာ၀တီတိုင်းအတွင်းမှာ အသားတင်စိုက်ပျိုးမြေဧက ၄၈ သိန်းကျော်ရှိပြီး မိုးစပါးစိုက်ဧက ၃၈ သိန်းနီးပါးရှိပေမယ့် အခုနှစ်တွေမှာတော့ စပါးစိုက်ဧက သိန်းနှစ်ဆယ်ဝန်းကျင်ပဲ ရှိတော့ပြီး ထက်ဝက်ဝန်းကျင်ထိ လျော့ကျသွားခဲ့ တယ်လို့ လယ်သမားအရေးဆောင်ရွက်သူတွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။