နားကြပ်စက်ရုံက သမဂ္ဂဝင် လေးဦးကို အလုပ်ပြန်ခန့်ဖို့ စက်ရုံအလုပ်သမားတွေ တောင်းဆို

Max Technology နားကြပ်စက်ရုံမှာ အရင်ကလည်း အလုပ်သမားအခွင့်ရေး ချိုးဖောက်မှုတွေကြောင့် လုပ်ငန်းခွင်  အငြင်းပွားမူတွေ ရှိခဲ့ပြီး စက်ရုံမှာ ဖွဲ့စည်းထားတဲ့ သမဂ္ဂအဖွဲ့ ​ပြိုကွဲ​အောင် ဦးဆောင်သူ​တွေကို အကြောင်းမဲ့ အလုပ်ထုတ်တာတွေ လုပ်လာတာလို့ အဲဒီစက်ရုံလုပ်သားတွေက ဆိုပါတယ်။

၂၄၊ဇူလိုင်

ရွှေပြည်သာမြို့နယ်၊သာဓုကန်စက်မူဇုန်က Max Technologyနားကြပ်စက်ရုံမှာ အလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်သမားသမဂ္ဂ ဥက္ကဌအပါအဝင် ၄ ဦးကိုအလုပ်ပြန်ခန့်ဖို့ စက်ရုံအလုပ်သမားတွေက တောင်းဆိုနေကြတာပါ။

အဲဒီစက်ရုံမှာ အလုပ်သမားသမဂ္ဂအတွင်း ရေးမှူးအပါအဝင် အမူဆောင်အဖွဲ့ဝင် ၂ ဦးကို အလုပ်ထုတ်လိုက်လို့ လုပ်ငန်းခွင် အငြင်းပွားမူ ရှိနေချိန်မှာ သမဂ္ဂဥက္ကဌကိုပါ ထပ်ပြီး အလုပ်ထုတ်လိုက်တာကြောင့် သူတို့ကို အလုပ်ပြန်ခန့်ပေးဖို့ အလုပ်သမားတွေက ဆန္ဒပြ တောင်းဆိုနေတာ ဖြစ်ပါတယ်။

အလုပ်သမားတွေက သမဂ္ဂခေါင်းဆောင် ၄ ဦးကို အလုပ်ပြန်ခန့်ရေး အချက်ကိုပဲ တောင်းဆိုနေကြတာ ဖြစ်သလို အလုပ်ထုတ်လိုက်တဲ့ လုပ်ရပ်က အလုပ်သမားအဖွဲ့အစည်း ဥပဒေကို ချိုးဖောက်တာ ဖြစ်တာကြောင့် အရေး ယူပေးဖို့ ရွှေပြည်သာမြို့နယ် အလုပ်သမား ညွန်ကြားရေးဦးစီးဌာန (အလည)ဆီ တိုင်စာပေးပို့ ထားတယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)က အသိပေး ထုတ်ပြန်ထားပါတယ်။

“အလုပ်ထုတ်ထားသည့် EC ၄ ဦး အလုပ်ခန့် မလား၊ တရားစွဲခံမလား ဒီနှစ်ခုကို လုပ်ငန်းရှင်က ရွေးရမှာပါ။တရားစွဲခံတဲ့အခါ ဒါဏ်ကြေးက ငွေဒါဏ်ဘဲ ဆောင်နိုင်တယ်လို့  မတွေးထားပါနဲ့။ပိုင်ရှင် သည် နိုင်ငံခြားသား ဖြစ်သဖြင့် လဝက ဥပဒေ နဲ့ ဆက်လာပါလိမ့်မယ် ” လို့ STUM တာဝန်ရှိသူက မှတ်ချက်ပြု ပြောဆိုထားပါတယ်။

Max Technology နားကြပ်စက်ရုံမှာ အရင်ကလည်း အလုပ်သမားအခွင့်ရေး ချိုးဖောက်မှုတွေကြောင့် လုပ်ငန်းခွင်  အငြင်းပွားမူတွေ ရှိခဲ့ပြီး စက်ရုံမှာ ဖွဲ့စည်းထားတဲ့ သမဂ္ဂအဖွဲ့ ​ပြိုကွဲ​အောင် ဦးဆောင်သူ​တွေကို အကြောင်းမဲ့ အလုပ်ထုတ်တာတွေ လုပ်လာတာလို့ အဲဒီစက်ရုံလုပ်သားတွေက ဆိုပါတယ်။

ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မူဇုန်  Bontech  အထည်ချုပ်စက်ရုံမှာလည်း  ဒီလအတွင်း သမဂ္ဂအဖွဲ့ဝင် ၃ ဦး အလုပ်ထုတ်ခံရတဲ့ ဖြစ်ရပ်ရှိခဲ့ပြီး ဇူလိုင် ၂၃ ရက်မှာ နှစ်ဖက်ညှိနှိုင်းချက်အရ ၂ ဦးကို အလုပ်​ပြန်ဝင်ခွင့်ပြုခဲ့ပြီး ကျန်တဦးကို နစ်နာကြေးနဲ့ အလုပ်ထွက်ခွင့်ပြုတဲ့ သဘောတူညီချက် ရရှိခဲ့ပါတယ်။

အလုပ်သမားအရေးလှုပ်ရှားမှု တဆက်တည်း ဖြစ်စဥ်တခုဖြစ်တဲ့ လှိုင်သာယာမြို့ နယ်ထဲက  Spring Moon အထည်ချူပ်စက်ရုံမှာ အခြေခံလုပ်ခနဲ့ တခြားခံစားခွင့်တွေ ရရှိဖို့ အလုပ်သမားတွေ တောင်းဆိုနေတာ ၁၇ ရက်မြောက်ရှိလာတဲ့အထိ ပြေလည်မှုမရသေးဘူးလို့ အနီးကပ် စောင့်ကြည့်နေတဲ့ အလုပ်သမားအဖွဲ့အစည်းတွေဆီက သိရပါတယ်။

Photo- STUM