
အထွေထွေ စားသောက်ကုန် ဈေးနှုန်းတွေ အဆင်မတန် တက်နေချိန်မှာတောင် မူးယစ်ဆေးဝါး စျေးနှုန်းတွေက အရင်ကထက် အဆများစွာ စျေးကျသွားခဲ့ကာ အခုဆိုရင် WY စိတ်ကြွ ရူးသွပ်ဆေးတပြားကို ကျပ်ရှစ်ရာ၊ ကျပ်တထောင်ဝန်းကျင်သာ စျေးရှိတယ်လို့ သိရပါတယ်။
၂၄၊ ဇူလိုင်။
လမ်းပန်းဆက်သွယ်ရေး အနည်းငယ် အလှမ်းဝေးတဲ့ ဧရာ၀တီတိုင်း ၊ တောင်ဘက်စွန်းပိုင်း ငပုတောမြို့နယ် ပြင်ခရိုင်ကျွန်းကျေးရွာတွေမှာ မူးယစ်ဆေးဝါးနဲ့ လောင်းကစားတွေ ပေါများလာနေပါတယ်။
“ပြင်ခရိုင်ကျွန်းက ရွာအများစုမှာ မူးယစ်ဆေး ရောင်းတဲ့သူတွေ ရှိတယ်။ အနည်းဆုံး တယောက်ကနေ နှစ်ယောက်လောက် ကရှိမယ်။ တချို့ တရွာတည်းမှာတောင် နှစ်ယောက်၊ သုံးယောက် ရောင်းကြတယ်။ အလှမ်းဝေးတော့ နယ်မြေစခန်းမှူးက စိတ်ကြိုက်လုပ်နေတာ” လို့ ငပုတောဒေသခံတဦးက ပြောပါတယ်။
ပြင်ခရိုင်နယ်မြေရဲစခန်းက စခန်းမှူး ရဲအုပ်ကျော်စွာမြင့်က အဓိကဦးဆောင်ပြီး လိုင်းကြေးယူနေသလို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေက ပူးပေါင်းပါဝင်နေတာလို့ ဒေသခံတချို့က ပြောပါတယ်။
စခန်းမှူးနဲ့အဖွဲ့ဟာ မူးယစ်ဆေးဝါး ရောင်းချသူ တဦးဆီကနေ ကျပ်တသိန်းကနေ သုံးသိန်း ဝန်းကျင်လောက်ထိ လစဉ်တောင်းခံပြီး တလမှာ မူးယစ်လိုင်းကြေးငွေ ကျပ်သိန်းတရာဝန်းကျင်ထိ ပုံမှန်ရနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ပြင်ခရိုင်ကျွန်းမှာ ချောင်း၀၊ ဝါးကုန်း၊ အုတ်တွင်းစတဲ့ အုပ်စုတွေ အပါအဝင် ကျေးရွာပေါင်း ဆယ်ချီရှိပါတယ်။ အဲဒီ ကျေးရွာအုပ်စုတွေအလိုက် နယ်ထိန်းတွေနဲ့ အုပ်စုအုပ်ချုပ်ရေးမှူးတွေကနေ လိုင်းကြေးကောက်ပေးရပြီး သူတို့ပါ လစဉ်ခွဲတမ်း ရကြတယ်လို့ ဆိုပါတယ်။
“နယ်ထိန်းတွေနဲ့ အုပ်ကြီးတွေလည်း ဝေစုနဲ့ ပေါင်းလုပ်နေကြတာ။ တချို့ရွာတွေမှာ အုပ်ကြီးတွေကိုယ်တိုင် ဆေး ရောင်းတယ်၊ ချဲဒိုင်ကိုင်တယ်” လို့ နောက်ထပ် ပြင်ခရိုင်ကျွန်းဒေသခံတဦးက ပြောပါတယ်။
အဲဒီပြင်ခရိုင်ကျွန်းက ရွာတွေမှာ မူးယစ်ဆေးဝါး၊ နှစ်လုံး၊ သုံးလုံး ချဲဒိုင်တွေအပြင် ဖဲဝိုင်း၊ ခြောက်ကောင်ဂျင်စတဲ့ လောင်းကစားဝိုင်းတွေလည်း အများအပြားရှိတယ်လို့ ဆိုပါတယ်။
ဧရာ၀တီအပါအဝင် မြန်မာနိုင်ငံ အနှံ့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါးတွေ ပိုပေါလာခဲ့ပြီး KTV၊ ဘား၊ ဘိလိယက်ခုံနဲ့ လမ်းဘေးဆိုင်တွေမှာပါ ဝယ်ယူလို့ရတဲ့ထိ ပေါများလာခဲ့တာပါ။
ဒ့ါအပြင် အထွေထွေ စားသောက်ကုန် ဈေးနှုန်းတွေ အဆင်မတန် တက်နေချိန်မှာတောင် မူးယစ်ဆေးဝါး စျေးနှုန်းတွေက အရင်ကထက် အဆများစွာ စျေးကျသွားခဲ့ကာ အခုဆိုရင် WY စိတ်ကြွ ရူးသွပ်ဆေးတပြားကို ကျပ်ရှစ်ရာ၊ ကျပ်တထောင်ဝန်းကျင်သာ စျေးရှိတယ်လို့ သိရပါတယ်။ စစ်တပ်အာဏာမ သိမ်းခင်တုန်းက WY ဆေးတပြားဟာ ကျပ်ငါးထောင်ဝန်းကျင်ထိ စျေးရှိခဲ့တာပါ။
ဧရာ၀တီတိုင်းအတွင်း ပုသိမ်အပြင် အခြားမြို့နယ်တွေမှာလည်း မူးယစ်ဆေးဝါး ရောင်းချမှုတွေက ပေါ်ပေါ်တင်တင်ရှိ နေတာပါ။
ဧရာ၀တီတိုင်းအတွင်းက မူးယစ်ဆေးဝါးလုပ်ငန်းတွေထဲမှာ စစ်တပ်အရာရှိတွေ၊ ဒေသခံအုပ်ချုပ်ရေးနဲ့ ရဲအရာရှိတွေ ကိုယ်တိုင် ပါဝင်ပတ်သက်နေပြီး မူးယစ်ဆေးဝါး ရောင်းချသူတွေ ဆီကနေ လစဉ်လိုင်းကြေးကောက်၊ ခွင့်ပြုပေးထားတယ်လို့ အဲဒီအခြေအနေတွေကို သိထားတဲ့ ဒေသခံတွေက ပြောကြပါတယ်။
DNA က ဒေသခံတွေကို မေးမြန်းရရှိထားတဲ့ အချက်အလက်တွေအရ ရဲတပ်ဖွဲ့ဟာ မူးယစ်ဆေးဝါး ရောင်းချသူ (ရပ်ကွက်တွင်း ရောင်းချသူ) တွေဆီကနေ တလမှာ ငွေကျပ်တသိန်းကနေ ငါးသိန်းထိ လိုင်းကြေး ကောက်နေတာဖြစ်တယ်လို့ သိရပါတယ်။
မူးယစ်ကုန်ကူး လုပ်ငန်းရှင်ကြီးတွေ ဆီကတော့ အမြတ်ငွေရဲ့ နှစ်ဆယ်ရာခိုင်နှုန်းကနေ သုံးဆယ်ရာခိုင်နှုန်း လောက်ထိ တောင်းယူကာ ခွင့်ပြုပေးထားတယ်လို့ နီးစပ်သူတွေနဲ့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မြို့နယ်အုပ်ချုပ်ရေးမှူး၊ စစ်တပ်အကြီးအကဲ၊ ရဲစခန်းတာဝန်ရှိသူတွေဟာ မူးယစ်လုပ်ငန်းရှင်တွေနဲ့ နီးစပ်ပြီး ဘီလီယံချီတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို သိုလှောင်သိမ်းဆည်းပေးတာ၊ သယ်ယူ သွားလာဖို့ လမ်းကြောင်း ရှင်းပေးတာတွေထိ လုပ်ပေးနေတယ်လို့ ဆိုပါတယ်။တခါတရံ လိုင်းကြေးမပေးသူတွေကို ဖမ်းဆီးတာရှိပေမယ့် ငွေပေးလိုက်ရင် ပြန်လွတ်လာကြတယ်လို့ ဒေသခံတွေ က ဆိုပါတယ်။