ရန်ကုန် မြို့နယ်အချို့မှာ စည်ပင်ရေ ပြတ်တောက်

လှော်ကား ဓာတ်အားခွဲရုံမှာ ချို့ယွင်းမှု ရှိတာကိုပြင် ဆင်နေရချိန်မှာ တခြား ဓာတ်အားခွဲရုံတွေက​နေ အလှည့်ကျ ယာယီဓာတ်အားရယူပြီး ရေတွန်းပို့နေရတာကြောင့် ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)က အခုရက်ပိုင်းထဲ ထုတ်ပြန်ထားပါတယ်။

 

လှော်ကား ဓါတ်အားခွဲစက်ရုံ ချို့ယွင်းချက်ကြောင့် ဒီရက်ပိုင်းအတွင်း ရန်ကုန်မြို့မှာ စည်ပင်ကပေးတဲ့ သောက်သုံးရေ ပြတ်တောက်တာ မကြာခဏ ကြုံတွေ့နေရတာပါ။

“ကြိုလည်း အသိမပေးတော့ သုံးလိုက်ပြီးမှ ရေကမလာတော့လို့ ဒီရက်ထဲဒုက္ခရောက်ရတာတွေကြုံနေရတာ။ ဘယ်တော့ပြန်လာမလဲလည်းမသိရ၊ဘယ်လောက်ကြာမယ်လည်းမသိရနဲ့ စောင့်ရတဲ့ဒုက္ခက မသေးဘူး ” လို့ လိူင်သာယာမြို့နယ်(၂၀)ရပ်ကွက် မှာနေထိုင်သူတဦးက ပြောပါတယ်။

ရန်ကုန်မြို့မှာ စည်ပင်က​ဖြန့်ဝေနေတဲ့ သောက်သုံးရေ ပြတ်တောက်တာကို ဇူလိုင် လဆန်းပိုင်းကတည်း မြို့နယ်တခုချင်းအလိုက် ကြုံနေရတာဖြစ်ပြီး တချို့မြို့နယ်၊ ရပ်ကွက်တွေမှာ ရက်ပိုင်းလောက်​ ကြာ​မြင့်စွာ ရေမရတဲ့ ပြဿနာတွေရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ဒီဖက်မှာ အခုရက်ထဲတော့ ရေပြန်ရတယ်။ အရင်ရက်တွေက ရေလုံးဝမလာဘူး။ ရေရပြီလားဆိုပြီး မော်တာမောင်းမောင်းကြည့်လို့ ရေမော်တာလောင်တဲ့သူတောင် ရှိတယ် ” လို့တောင်ဥက္ကလာပမြို့နယ် (၇)ရပ်ကွက်မှာနေသူတဦးက ပြောပါတယ်။

အခုလို မြို့နယ်တွေမှာ ရေရရှိမှု ပြဿနာဖြစ်ရတာက ရန်ကုန်​မြို့အတွက် အဓိက ရေတွန်းစက်တွေဆီ ဓာတ်အားပေးလွှတ်နေတဲ့ လှော်ကား ဓာတ်အားခွဲရုံမှာ ချို့ယွင်းမှု ရှိတာကိုပြင် ဆင်နေရချိန်မှာ တခြား ဓာတ်အားခွဲရုံတွေက​နေ အလှည့်ကျ ယာယီဓာတ်အားရယူပြီး ရေတွန်းပို့နေရတာကြောင့် ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)က အခုရက်ပိုင်းထဲ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဇူလိုင် ၂၄  ရက်နေ့မှာလည်း ဒလမြို့နယ်နဲ့ လိူင်သာယာမြို့နယ်တွေ အတွက် ရေပေးနေတဲ့ ရေဖြန့်ဖြူး ပေးဝေရေးစခန်းတွေမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့လို့ ရေတွန်းစက်တွေ ရပ်နားလိုက်ရတာကြောင့် ရေပိုက်လိုင်းတွေမှာ ရေအားလျော့တဲ့အခြေ ဖြစ်ခဲ့ရပြီး အခုလို ရေအားလျော့နည်းရတဲ့ ဖြစ်ရပ်အတွက် ရေသုံးစွဲသူတွေကို တောင်းပန်ကြောင်း ရန်ကုန်မြို့တော် စည်ပင်အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)က အသိပေးထားပါတယ်။

 

Photo- YCDC