ပဲခူး  ဥဿာမြို့သစ်မှာ အမျိုးသမီးတစ်ဦးအသတ်ခံရ

“လင်မယားချင်း စကားများပြီး ဖြစ်သွားတာလို့ သူတို့ပတ်ဝန်းကျင်မှာ ပြောနေတာပဲ။ လုပ်သွားတာ ရက်ရက်စက်စက်ကြီး”

၁၈၊ဇူလိုင်

မနေ့က ဇူလိုင် ၁၇ ရက်ည ၇ နာရီခွဲ ဝန်းကျင်လောက်က အမျိုးသမီးတဦး ပဲခူးမြို့ ၊ ဥဿမြို့သစ် ၊ (၈)ရပ်ကွက် တက္ကသိုလ်ဘုရားလမ်းမှာ ရှိတဲ့ သူ့နေအိမ်မှာပဲ  ထိုးသွင်းဒါဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရတာပါ။

သေဆုံးသူမှာ အသက် ၄၆ နှစ် အရွယ် ဒေါ်စန်းစန်းနွဲ့ ဖြစ်ပြီး နေအိမ်အောက်ထပ် နောက်ဘေးမီးဖိုချောင်မှာ သေဆုံးနေတာကို အိမ်နီးချင်းတွေကတွေ့ရှိခဲ့တာလို့ ရဲမှတ်တမ်းမှာ ဖေါ်ပြထားပါတယ်။

“လင်မယားချင်း စကားများပြီး ဖြစ်သွားတာလို့ သူတို့ပတ်ဝန်းကျင်မှာ ပြောနေတာပဲ။ လုပ်သွားတာ ရက်ရက်စက်စက်ကြီး။ ခေတ်မကောင်းရတဲ့ ကြားက ကြားရတဲ့သတင်းတွေက စိတ်ပျက်စရာတွေချည်းပဲ” လို့ အဲဒီရပ်ကွက်မှာနေသူတဦးက ပြောပါတယ်။

အဲဒီဖြစ်စဥ်ပတ်သက်ပြီး ရဲတပ်ဖွဲ့ကတော့ ပြစ်မူကျူးလွန်သူလို့ သံသယရှိနေတဲ့ ခင်ပွန်းဖြစ်သူ ဦးဇော်မင်းက ထွက်ပြေး တိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။

စစ်ဆေးချက်တွေအရ ဝဲဘက်ရင်ညွန့် ပေါက်ပြဲဒဏ်ရာ၊ ချိုင်းအောက် ထိုးသွင်း ဒါဏ်ရာ ၊ နဖူးပေါက်ပြဲ ဒဏ်ရာနဲ့ ခါးနောက်ကျော်ဘက် ပေါက်ပြဲဒါဏ်ရာတွေနဲ့ လဲကျသေဆုံးနေတာလို့ သိရပါတယ်။အခင်းဖြစ်တဲ့ နေရာမှာလည်း ၆ လက်မကျော် ဓါးနှစ်ချောင်း ၊ စတီးရိုးတပ် ၈ လက်မကျော် ဓါးတချောင်း ၊ ကပ်ကြေးအရိုး တချောင်းနဲ့ ငရုတ်ကျည့်ပွေ့ တခုကို တွေ့ရတယ်လို့ မျက်မြင်တွေ့ရတဲ့ ရပ်ကွက်တွင်း နေသူက ပြောပါတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ ပဲခူးဆေးရုံ ပို့ထားတယ်လို့ သိရပါတယ်။

ဥဿာမြို့သစ်၊ (၈) ရပ်ကွက်မှာ ပဲဇူလိုင် ၁၃ ရက်က တိရိစ္ဆာအစာစက်ရုံအတွင်း သံလှောင် ကန်ထဲမှာ အလုပ်သမား ၃ ဦးသေဆုံးခဲ့သေးတာ ဖြစ်ပါတယ်။ အဲဒီ အလုပ်သမား ၃ ဦး သေဆုံးရတဲ့ အကြောင်းအရင်းကို အခုအချိန်အထိ အသိပေးထုတ်ပြန်တာ မရှိသလို စက်ရုံဖက်က တာဝန်ယူတာ ရှိမရှိလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Photo= လူမူကွန်ရက်