
သေဆုံးသွားသူတွေဟာ အသက် ၂၈ နှစ်အရွယ် စောထူးဆဲ၊ ၂၁ နှစ်အရွယ် နော်နေဘလုဆဲနဲ့ ၆ လအရွယ် စောနေပုလဲထူး တို့ဖြစ်ပြီး ဒဏ်ရာရသွားသူကတော့ ၃နှစ်အ ရွယ် နော်ဖောဘလုထူးဖြစ်ကာ ဆေးရုံတက် ကုသနေရတယ်လို့ သိရပါတယ်။
၁၈၊ ဇူလိုင်။
ဧရာ၀တီတိုင်း ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့၊ မဒေ့ါကုန်းကျေးရွာအုပ်စု၊ ငှက်ပျောချောင်းရွာအနီး ယာတဲမှာ အိပ်နေတဲ့ မိသားစုတစုကို တောဆင်ရိုင်းက ဝင်ရောက် တိုက်ခိုက်တဲ့အတွက် မိသားစုဝင်သုံးဦး သေဆုံးသွားပြီး သုံးနှစ်အရွယ် ကလေးငယ်တဦး ဒဏ်ရာရသွားခဲ့ပါတယ်။
“လယ်လုပ်နေကြတဲ့မိသားစုလို့ ပြောတယ်။ ကလေးကတော့ ဒဏ်ရာမပြင်းဘူး။ ပွန်းပဲ့ဒဏ်ရာလောက်ပဲရသွား တော့ သိပ်မစိုးရိမ်ရဘူး။ အဲဒါ ရွာသားတွေ သတင်းပို့လို့ ရဲစခန်းသွားကြည့်ကြတယ်ကြားတယ်” လို့ ငွေဆောင်ဒေ သခံတဦးက ပြောပါတယ်။
ဇူလိုင်လ ၁၅ ရက်နေ့ မနက်အစောပိုင်း ၂ နာရီခွဲဝန်းကျင်အချိန်မှာ ငှက်ပျောချောင်းရွာနဲ့ နှစ်မိုင်ဝန်းကျင်အကွာ လယ်တဲကို ဆင်းရိုင်းဝင်ရောက်ပြီး တဲကိုဖြိုဖျက်၊ နင်းသွားခဲ့တာပါ။
ဆင်ရိုင်းနင်းလို့ သေဆုံးသွားသူတွေဟာ အသက် ၂၈ နှစ်အရွယ် စောထူးဆဲ၊ ၂၁ နှစ်အရွယ် နော်နေဘလုဆဲနဲ့ ၆ လအရွယ် စောနေပုလဲထူး တို့ဖြစ်ပြီး ဒဏ်ရာရသွားသူကတော့ ၃နှစ်အ ရွယ် နော်ဖောဘလုထူးဖြစ်ကာ ဆေးရုံတက် ကုသနေရတယ်လို့ သိရပါတယ်။
ဧရာ၀တီတိုင်းအတွင်းက ပုသိမ်၊ ငပုတော၊ သာပေါင်း၊ ရေကြည်၊ လေးမျက်နှာ စတဲ့မြို့နယ်တွေမှာ တောဆင်ရိုင်း တွေကျက်စားပြီး လူနေတဲတွေနဲ့ စိုက်ခင်းတွေကို ဖျက်ဆီးတာ၊ ဆင်ရိုင်းကြောင့် လူသေဆုံးတာတွေ မကြာခဏရှိနေတာပါ။
“ရခိုင်ရိုးမနဲ့ တဆက်တည်းဆိုတော့ ဒီလိုပဲ ရောက်လာတာဖြစ်မယ်။ ဒီဘက်မှာ တောရိုင်းသတ္တဝါတွေ အများကြီးရှိ နေသေးတယ်” လို့ ငွေဆောင်ဒေသခံ နောက်တဦးက ပြောပါတယ်။
အခု တောဆင်ရိုင်းနင်းလို့ လူသေဆုံးမှုရှိခဲ့တဲ့ ငွေဆောင်ဒေသဟာ စစ်တပ်နဲ့ အာရက္ခတပ်တော်(AA)တို့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဂွကမ်းခြေ၊ ရွှေသောင်ယံကမ်းခြေတို့နဲ့ တဆက်စပ်တည်းမှာ တည်ရှိပြီး လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် တောရိုင်းသတ္တဝါတွေ စားကျက်နေရာပြောင်းကာ လူနေစိုက်ခင်းတွေ ထိ ရောက်လာကြတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ နိုဝင်ဘာလတုန်းကလည်း ဧရာ၀တီတိုင်း ငပုတောမြို့နယ်မှာ သစ်တောကြိုးဝိုင်းတွေရှိတဲ့ ဟိုင်းကြီး ကျွန်းဘက်ကနေ ရေကူးလာတဲ့ တော ဆင်ရိုင်းတကောင်ဟာ ဝက်ကုန်းကျေးရွာအုပ်စု စီလောင်ကျေးရွာအတွင်း နှစ်ရက်ကြာ စားသောက်နေခဲ့ပါတယ်။
ဒါ့အပြင် ၂၀၂၅ စက်တင်ဘာလကုန်ပိုင်းကလည်း ဧရာ၀တီတိုင်း သာပေါင်းမြို့နယ် ပုသိမ် – သာပေါင်းကားလမ်းနံ ဘေး ကြက်သွန်းကွင်း၊ ၃ မိုင်၊ ၅ မိုင်၊ ရသေ့တောင်၊ လှေကြီးတက်ရဲကင်း၊ စက္ကူပျော့ဖတ်စက်ရုံအတွင်းရှိ သီဟိုဠ်တောအတွင်းသို့လည်း တောဆင်ရိုင်းတွေ ဝင်ရောက်ကျက်စားနေခဲ့ကြပြီး အောက်တိုဘာလ ၁ ရက်နေ့မှာ တော့ တောဆင် ရိုင်းအမတကောင် သေဆုံးနေတာတွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောထားကြပါတယ်။
အဲဒီ တောဆင်ရိုင်းအမကတော့ လူတွေကြောင့် သေခဲ့ရတာမဟုတ်ဘဲ ဆင်ထီးနဲ့ ဆင်မမိတ်လိုက်ရင်း သေဆုံးခဲ့ရတာ ဖြစ်နိုင်တယ်လို့ သစ်တောဌာန တာဝန်ရှိသူက မှတ်ချက်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။