Spring Moon စက်ရုံ လုပ်ခတိုးမြှင့်ပေးရေး တောင်းဆိုမှု ပြေလည်မှု မရသေး

တရက်လုပ်ခကို လက်ရှိထက် ၃,၀၀၀ ကျပ် တိုးပေးဖို့၊ အချိန်ပိုကြေး တနာရီ ၅၀၀ ကျပ်တိုးပေးဖို့နဲ့  ရက်မှန်ကြေးကို ၁၀,၀၀၀ ကျပ်ထပ်တိုးပေးဖို့ အပါအဝင် တခြားရပိုင်ခွင့်တွေ ထည့်သွင်း​ပြီး အချက် ၉ ချက် တောင်းဆိုထားခဲ့​ကြတာ ဖြစ်ပါတယ်။

၁၉၊ဇူလိုင်

လိူင်သာယာမြို့နယ်၊စက်မူဇုန်(၄)မှာဖွင့်လှစ်ထားတဲ့ Spring Moon အထည်ချုပ်စက်ရုံ လုပ်သားတွေရဲ့ လုပ်ခတိုးမြှင့်ပေးဖို့ တောင်းဆိုနေတာ နှစ်ပတ်နီးပါး ရှိလာပေမယ့်  ပြေလည်မှု မရသေးဘဲ ရှိနေပါတယ်။

အဲဒီစက်ရုံ အလုပ်သမားတွေက ဇူလိုင်၈ ရက်မှာ တောင်းဆိုမှု  စတင်တာခဲ့ဖြစ်ပြီး လုပ်ငန်းရှင်ဘက်က မလိုက်လျောဘဲ တင်းခံနေတာကြောင့် ပြေလည်မှုမရပဲ ရက်ကြာမြင့်လာရတာလို့ စက်ရုံလုပ်သားတဦးက ပြောပါတယ်။

“တောင်းဆိုတာ မရမချင်း အလုပ်သမားတွေကလည်း လက်လျှော့မှာ မဟုတ်ဘူး။ အခုလည်း ရသလောက် ညှိနေကြတာပဲ” လို့ အဲဒီအလုပ်သမားကပြောပါတယ်။

အဲဒီစက်ရုံမှာ အလုပ်သမား၂၀၀ ကျော်နဲ့ လည်ပတ်နေတာဖြစ်ပြီး အလုပ်သမား ၁၈၀ လောက်က လုပ်ငန်းခွင်ထဲ ဆန္ဒပြတောင်းဆိုမှာ ပါဝင်နေတာလို့ အခြေအနေကို စောင့်ကြည့်နေတဲ့  သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်  STUM ရဲ့ အသိပေး ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Spring Moon အထည်ချုပ်စက်ရုံ လုပ်သားတွေက တရက်လုပ်ခကို လက်ရှိထက် ၃,၀၀၀ ကျပ် တိုးပေးဖို့၊ အချိန်ပိုကြေး တနာရီ ၅၀၀ ကျပ်တိုးပေးဖို့နဲ့  ရက်မှန်ကြေးကို ၁၀,၀၀၀ ကျပ်ထပ်တိုးပေးဖို့ အပါအဝင် တခြားရပိုင်ခွင့်တွေ ထည့်သွင်း​ပြီး အချက် ၉ ချက် တောင်းဆိုထားခဲ့​ကြတာ ဖြစ်ပါတယ်။

တောင်းဆိုထားတာတွေနဲ့ ပတ်သက်ပြီး အလုပ်ရှင်ဖက်က တရက်လုပ်ခ နောက်ထပ် ၁,၀၀၀ ကျပ်နဲ့ အချိန်ပိုကြေး  ၂၀၀ ကျပ်ပဲ တိုးပေးနိုင်​မယ်ဆိုပြီး တင်းခံထားတာလို့ ဆိုပါတယ်။

အဲဒီလို​ တောင်းဆိုတာ​တွေနဲ့ ပတ်သက်လို့ ဇူလိုင် ၁၈ ရက်က ရန်ကုန်တိုင်း အလုပ်သမားရုံးမှာ ညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှု မရတဲ့အတွက် အလုပ်သမား​တွေရဲ့ တောင်းဆိုမှု ဆက်ရှိ​နေတာလို့ STUM က အသိပေးထားပါတယ်။