ပဲခူးမြို့ထဲ ခရီးသည်တင်ကား​တွေ​ပေးမဝင်တဲ့အတွက်  ခရီးသွားတွေ အခက်အခဲဖြစ်

“အသားကျနေတဲ့ဟာကို ဖျက်လိုဖျက်စီးလုပ်လိုက်တော့ အကုန်ဒုက္ခရောက်ရတယ်။ အခုအချိန်အထိ အခုလိုကားတွေ မြို့ထဲပေးမဝင်တာကို ဘယ်ခရီးသည်မှ မကြိုက်ဘူး။ အရင်အတိုင်း ပြန်ဝင်ခွင့် ပေးဖို့ပဲ ဆန္ဒရှိနေကြတာ ”

၁၈၊ဇူလိုင်

ပဲခူးမြို့ထဲကို ရန်ကုန်ကလာတဲ့ ခရီးသည်တင်ကားတွေ ပေးမဝင်တဲ့အတွက် ခရီးသွားတွေ အခက်အခဲရှိနေပြီး စတင်တားမြစ်ခဲ့တာ တနှစ်ကျော်ကြာပြီ ဖြစ်ပေမယ့် အသားကျဖို့ ခက်နေဆဲလို့ ခရီးသွားတွေက ပြောပါတယ်။

“စစချင်းကနေ အခုအထိ ဘယ်လိုမှ အဆင်မပြေတာ။ အဆင်မပြေပါဘူးလို့ ဝိုင်းပြောနေတာတောင် ဘာမှမလုပ်ပေးဘူး။ လူအများဆန္ဒကိုလည်း အလေးမထားဘူး” လို့ ပဲခူးမြို့ခံပြည်သူတဦးက ပြောပါတယ်။

ပဲခူးမြို့ပေါ်မှာ ယာဉ်မတော်တဆမှုနဲ့ ယာဉ်ကြောကျပ်တာ ၊ လမ်းပိတ်ဆို့တာ မဖြစ်စေဖို့အတွက် ရန်ကုန်ကနေ ပြေးဆွဲနေတဲ့ မီနီဘတ်ကားတွေ၊ အဝေးပြေးကားတွေကို ၂၀၂၅ နိုဝင်ဘာလကတည်းက ဖြတ်သန်း ဝင်ရောက်ခွင့်ကို တားမြစ်ခဲ့တာပါ။

အခုလို ရန်ကုန်မြို့ လိုင်းကားတွေကို ပဲခူးမြို့ထဲ ပေးမဝင်တဲ့အတွက် နောက်ပိုင်းမှာ ခရီးသွားတွေ အနေနဲ့ ခရီးစားရိတ်က အရင်ကထက် နှစ်ဆမက ပိုကုန်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ခရီးသည်တင် ကားတွေကို ရန်ကုန်-မန္တလေးလမ်းဟောင်းရဲ့ မြို့အဝင် ပင်စည်လမ်းဆုံအထိပဲ ဝင်ခွင့်ပေးထားပြီး ဂိတ်ရင်းဆီ အရှေ့မြို့ရှောင်လမ်းက​သွားဖို့ သတ်မှတ်ထားတာကြောင့် မြို့ထဲသွားမယ့်သူတွေ နောက်တဆင့်ပြန်ပြောင်းစီးနေရတာ ဖြစ်ပါတယ်။

ပဲခူးမြို့ထဲသွားမယ့် သူတွေအနေနဲ့ ပင်စည်လမ်းဆုံကနေ တုတ်တုတ်၊ အိုးဝေ၊ ခရီးသည်တင် ယာဉ်လိုင်းဟိုက်ဂျက်နဲ့ ဆိုင်ကယ် ကယ်ရီငှားရတဲ့အတွက် ပိုက်ဆံအပို ကုန်ကျသလို ခရီးနှောင့်နှေးတာ​တွေ ​ဖြစ်ရ​တယ်လို့ ခရီးသည်တွေက ဆိုပါတယ်။

“အသားကျနေတဲ့ဟာကို ဖျက်လိုဖျက်စီးလုပ်လိုက်တော့ အကုန်ဒုက္ခရောက်ရတယ်။ အခုအချိန်အထိ အခုလိုကားတွေ မြို့ထဲပေးမဝင်တာကို ဘယ်ခရီးသည်မှ မကြိုက်ဘူး။ အရင်အတိုင်း ပြန်ဝင်ခွင့် ပေးဖို့ပဲ ဆန္ဒရှိနေကြတာ ” လို့ ရန်ကုန်နဲ့ပဲခူးကိုပုံမှန်သွားလာနေသူတဦးက ပြောပါတယ်။

ရန်ကုန်နဲ့ ပဲခူးကို ပေးရတဲ့ ယာဉ်စီးခမှာ ၃၀၀၀ ကျပ်ဖြစ်ပြီး ပင်စည်လမ်းဆုံကနေ ပဲခူးမြို့ထဲအထိ နောက်တဆင့်ပြောင်းစီးရင် အနည်းဆုံး ၁၅၀၀ ကျပ်ကနေ အကွာအဝေးပေါ် မူတည်ပြီး  တသောင်းနီးပါး ထပ်ကုန်ကြရတာလို့ ခရီးသည်တွေကပြောပါတယ်။

” ဆိုင်ကယ် ကယ်ရီစီးမယ်ဆိုရင် စိတ်ရင်း ကောင်းတဲ့သူနဲ့ တွေ့ဦးမှ။ မဟုတ် တော်တော်များများက မတန်တဆတွေ တောင်းတော့တာ။ အဲဒီလိုတွေ လုပ်နေလို့ မြို့လည်း သိက္ခာကျနေရတယ် ” လို့ ကလျာဏီရပ်ကွက်မှာနေသူမြို့ခံတဦးက ပြောပါတယ်။

အရင်က ပဲခူးနဲ့ ရန်ကုန်ဆွဲတဲ့ ယာဉ်လိုင်းတွေမှာ မြို့ထဲကနေ ဖြတ်ပြီး ရွှေမော်ဓောဘုရား တောင်ဖက်မုဒ်နဲ့ မြို့ရဲ့တဖက်အစွန် ကမာနတ်မှာ ဂိတ်ရင်းအဖြစ် သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။