မြေပဲဈေးကောင်းနေပြီး ၊ ပဲပေါ်ချိန် ဈေးကျမှာ တောင်သူတွေ စိုးရိမ်

“မနှစ်ကလည်း ဟိုလူပေါ်၊ ဒီလူပေါ်နဲ့ ပေါ်ချိန်ကျရင် လေးသောင်း၊ လေးသောင်းကျော်လောက်ပဲ ရတော့တယ်။ အဲလောက်စျေးနဲ့ဆိုရင် အထွက်လည်း မကောင်းရင် အမြတ်က အဆင်မပြေဘူး”

၁၇၊ ဇူလိုင်။

မြေပဲစိုက်တောင်သူတွေအများအပြားရှိတဲ့ ဧရာ၀တီတိုင်းအတွင်းမှာ မြေပဲပေါ်ခါနီး တတင်းကို ကျပ်ခြောက် သောင်းဝန်းကျင် စျေးရှိနေပြီး စျေးကောင်းရနေပါတယ်။

ဧရာ၀တီတိုင်း ဟင်္သာတ၊ ဇလွန်၊ မြန်အောင်၊ ဓနုဖြူ၊ ညောင်တုန်းစတဲ့မြို့နယ်တွေမှာ ပဲစိုက်တောင်သူအများအပြား ရှိပြီး ရှေ့လဆန်းလောက်ဆိုရင် မြေပဲတွေ စပေါ်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ပဲပေါ်ချိန်ကျရင် စျေးကျသွား တတ်တော့ အမြတ်ရဖို့ မသေချာသေးဘူးလို့ ဆိုကြပါတယ်။

“အခု ခြောက်သောင်းလောက် စျေးရှိနေတော့ စျေးကောင်းတယ် ပြောလို့ရတယ်။ ပဲပေါ်ချိန် စျေးကျသွားမလား တော့မသိဘူး။ အဲဒီတချက် စိုးရိမ်နေရတယ်။ ဒီစျေးအတိုင်းဆို တောင်သူတွေ အဆင်ပြေကြမယ်”လို့ မြန်အောင် မြို့နယ် မကျည်းကုန်းကျေးရွာအုပ်စုမှ ပဲစိုက်တောင်သူ ဦးအောင်က ပြောပါတယ်။

အခုအချိန် မြေပဲစျေးကောင်းနေပေမယ့် တောင်သူတွေလက်ထဲမှာ ပဲလက်ကျန်မရှိကြတော့တာမို့ တောင်သူတွေ အကျိုးခံစားခွင့်မရှိတော့ဘဲ လှောင်ထားတဲ့ကုန်သည်တွေသာ အမြတ်ရကြမှာဖြစ်တယ်လို့ ပဲစိုက်တောင်သူတွေက ပြောကြပါတယ်။

“မနှစ်ကလည်း ဟိုလူပေါ်၊ ဒီလူပေါ်နဲ့ ပေါ်ချိန်ကျရင် လေးသောင်း၊ လေးသောင်းကျော်လောက်ပဲ ရတော့တယ်။ အဲလောက်စျေးနဲ့ဆိုရင် အထွက်လည်း မကောင်းရင် အမြတ်က အဆင်မပြေဘူး” လို့ ဦးအောင်က ပြောပါတယ်။

အခုအချိန် မြေပဲစျေးကောင်းနေပေမယ့် တောင်သူတွေလက်ထဲမှာ ပဲလက်ကျန်မရှိကြတော့တာမို့ တောင်သူတွေ အကျိုးခံစားခွင့်မရှိတော့ဘဲ လှောင်ထားတဲ့ ကုန်သည်တွေသာ အမြတ်ရကြမှာ ဖြစ်တယ်လို့ ပဲစိုက်တောင်သူတွေက ပြောကြပါတယ်။

 

မြေပဲဆံနှစ်တင်းခွဲ စိုက်ပျိုးရင် ပျမ်းမျှတင်းတရာဝန်းကျင် ထွက်နိုင်ပြီး ကျပ်သိန်းသုံးဆယ် ဝန်းကျင် ကုန်ကျတာမို့ မြေပဲစျေး ကျတဲ့အခါ လုပ်အားခ၊ အရင်းအနှီးတွေနဲ့ တွက်ရင် အဆင်မပြေဘူးလို့ ပဲစိုက်တောင်သူတွေက ပြောကြပါတယ်။

ဒီနှစ်မှာတော့ ပဲခင်းတွေ ဖြစ်ထွန်းနေပြီး အထွက်နှုန်းကောင်းဖို့ မျှော်လင့်နေကြတယ်လို့ တောင်သူတွေက ဆိုပါတယ်။

“ပဲကတော့ ကောင်းတယ်ပြောရမယ် ဒီနှစ်၊ အထွက်နှုန်းလည်း မဆိုးလောက်ဘူး။ အရင်းအနှီးကတော့ များထား တာပေ့ါ။ စျေးကောင်းဖို့ပဲ မျှော်လင့်နေရတာပဲ” လို့ ဇလွန်မြို့နယ်မှ ပဲစိုက်တောင်သူတဦးက ပြောပါတယ်။

လက်ရှိအချိန်မှာ ပဲစျေးအပြင် စပါးစျေးဟာလည်း ကျပ်သိန်းနှစ်ဆယ်ကျော်ကနေ ကျပ်သိန်းခြောက်ဆယ်ဝန်းကျင်ထိ စျေးတက်နေပြီး လယ်သမားတွေ လက်ထဲမှာတော့ ရောင်းစရာ စပါးမရှိကြတော့ဘူးလို့ ဆိုကြပါတယ်။

ဧရာ၀တီတိုင်းအတွင်းက တောင်သူတွေဟာ စပါး၊ ပဲစတဲ့သူတို့ရဲ့ ထွက်ကုန်တွေ စျေးကောင်းမရ၊ အရင်းအနှီး ကြီး ၊ စစ်မှုထမ်း ဥပဒေကြောင့် အရွယ်ကောင်းတဲ့ လူငယ်တွေ ပြည်ပထွက် အလုပ်လုပ်ကိုင်ကြတဲ့အခါ လယ်လုပ်သား ရှားပါးတာ စတဲ့အခြေအနေတွေကြောင့် လယ်ယာမြေတွေကို ထုတ်ရောင်းတာ၊ လယ်ယာလုပ်ငန်း စွန့်ခွာတာတွေ တဖြည်းဖြည်း ရှိလာနေကြပါ တယ်။