
“ဖိအားပေးပြီးအတင်း ဖြုတ်သိမ်းခိုင်းနေတော့ ဝန်ထမ်းတွေလည်း အလောတကြီး လုပ်နေရတယ်။ အဲဒီလို လုပ်နေရလို့ အမှားအယွင်းတွေ ရှိလာရတာပါ။ ကွန်ပလိန်းဝင်လာရင် တောင်းပန်ပြီး အားချင်းပြန် စစ်ဆေးပေးတာမျိုး လုပ်နေရတယ် ”
၁၆၊ဇူလိုင်
ဒီရက်ပိုင်းအတွင်း ရန်ကုန်မြို့ပေါ်မှာ အင်တာနက်လိုင်း နှေးကွေးတာ ၊ ပြတ်တောက်တာတွေ တော်တော်များများ ကြုံတွေ့နေရပါတယ်။ အသုံးမပြုတော့တဲ့ ဆက်သွယ်ရေးနဲ့ ဝိုင်ဖိုင်ကြိုးတွေကို အပြီးသတ် ရှင်းလင်းဖယ်ရှားဖို့ ရန်ကုန်တိုင်း အစိုးရက ညွှန်ကြားအပြီးမှာ အခုလို ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
“ကြိုးတွေကို ကုမ္ပဏီတွေက လိုက်ရှင်းနေတာ။ တချို့ဖြစ်သလို တွေ့ရာဖြတ်သွားလို့ လိုင်းသုံးမရတာတွေ ဖြစ်နေတာ ” လို့ သင်္ဃန်းကျွန်းမြို့နယ်မှာနေသူတဦးက ပြောပါတယ်။
တောင်ဥက္ကလာပ မြို့နယ်ကနေ အင်တာနက်အသုံးပြု အလုပ်လုပ်ကိုင်နေတဲ့ ကုမ္ပဏီဝန်ထမ်း တဦးကလည်း အခုရက်ပိုင်းထဲ ဝိုင်ဖိုင်အသုံးပြုရတာ အဆင်မပြေလို့ မိုဘိုင်းပက်ကေ့နဲ့ ပြောင်းသုံးနေရတယ်လို့ ဆိုပါတယ်။
“ဝိုင်ဖိုင်ပုံးတွေ ဖွင့်လိုက်၊ပိတ်လိုက်နဲ့ ကြိုးတွေပြန်ချိန်ပြီး လိုင်းပါသုံးမရတော့ဘူး။ ကုမ္ပဏီလှမ်းပြောတော့ ဝန်ထမ်းတွေ အလုပ်များနေလို့ပါဆိုပြီး လာမစစ်ပေးတာ တပတ်ပြည့်တော့မယ် ” လို့ ပြောပါတယ်။
ဝိုင်ဖိုင်ဝန်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီတွေအနေနဲ့ ချိတ်ဆက် သွယ်တန်းထားပြီး အသုံးမပြုတော့ရင် အမြန်ဆုံး ပြန်ဖြုတ်သိမ်းဖို့နဲ့ လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်ရင် ဌာနက ရှင်းလင်းဖယ်ရှားရတဲ့ စရိတ်နဲ့ ဒါဏ်ကြေးပေးဆောင်ရမယ်ဆိုကာ ရန်ကုန်တိုင်းအစိုးရက သတိပေးထားတယ်လို့ အဲဒီလုပ်ငန်းအသိုင်းဝိုင်းဆီက သိရပါတယ်။
“ဖိအားပေးပြီးအတင်း ဖြုတ်သိမ်းခိုင်းနေတော့ ဝန်ထမ်းတွေလည်း အလောတကြီး လုပ်နေရတယ်။ အဲဒီလို လုပ်နေရလို့ အမှားအယွင်းတွေ ရှိလာရတာပါ။ ကွန်ပလိန်းဝင်လာရင် တောင်းပန်ပြီး အားချင်းပြန် စစ်ဆေးပေးတာမျိုး လုပ်နေရတယ် ” လို့ Hi အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီမှ ဝိုင်ဖိုင်တပ်ဆင်ရေးအပိုင်း တာဝန်ကျသူတဦးက ပြောပါတယ်။
ရန်ကုန်တိုင်း အစိုးရအဖွဲ့ကတော့ ဝိုင်ဖိုင်ကြိုးတွေက လမ်းတွေပေါ်မှာ ရှုပ်ထွေးနေပြီး မြို့အင်္ဂါရပ်ကို ထိခိုက်စေတယ် ဆိုပြီး အမြန်ဆုံး ဖြုတ်သိမ်းဖယ်ရှားဖို့ သက်ဆိုင်ရာ ကုမ္ပဏီတွေကို ညွှန်ကြားတာလို့ သိရပါတယ်။
ဒါ့အပြင် ဆက်သွယ်ရေး ကြိုးတွေကိုလည်း ဖယ်ရှားရှင်းလင်းဖို့ စီစဥ်နေပြီး တိုင်တွေက သွယ်တန်းတာကနေ မြေအောက်ကေဘယ်အဖြစ် ပြောင်းလဲဖို့ ပြင်ဆင်နေတယ်လို့လည်း မြို့တော်စည်ပင် အရာထမ်းတဦးက ပြောပါတယ်။
ရန်ကုန်မြို့မှာ ရှုပ်ထွေးနေတဲ့ ဝိုင်ဖိုင်ကြိုးတွေကနေ မီးလောင်တဲ့ ဖြစ်ရပ်တွေ မကြာခဏ ဖြစ်နေသလို ကြိုးတပ်ဆင် သွယ်တန်းတဲ့ ဝန်ထမ်းတွေ ဓာတ်လိုက်သေဆုံးတာတွေလည်း ရှိနေပါတယ်။
Photo = YRG