ထိုင်းမှာ စာမေးပွဲ မသမာမှုကြောင့် အစိုးရဝန်ထမ်း ခြောက်ထောင် နီးပါး တာဝန်ကနေ ယာယီရပ်ဆိုင်းခံရနိုင်

စာမေးပွဲအောင်ဖို့  ဖြေဆိုသူတွေရဲ့ ရလဒ်တွေကို အီလက်ထရွန်နစ်နည်းပညာနဲ့ ပြုပြင်ဖို့အတွက် အရာရှိတွေက ဘတ် ၈ သိန်း အထိ လာဘ်ငွေတွေ လက်ခံခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ကောက်ချက်ချထားပါတယ်။

၁၆ ၊ ဇူလိုင်

စာမေးပွဲခိုးချတဲ့ မသမာမှုကြောင့် ထောင်နဲ့ချီနဲ့ ထိုင်းနိုင်ငံ အစိုးရဝန်ထမ်းတွေ ရာထူးကနေ ယာယီရပ်ဆိုင်းခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

လက်ရှိမှာတော့ အဆိုပါအမှုနဲ့ ပတ်သတ်လို့ လူသုံးဦးကို ဖမ်းဆီးထားပြီး  စုံစမ်းစစ်ဆေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်နေတယ်လို့ အာဏာပိုင်တွေက ဇူလိုင်လ ၁၆ရက်နေ့က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အဂတိလိုက်စားမှုနဲ့ လာဘ်ပေးလာဘ်ယူမှုတွေဟာ သတင်းခေါင်းကြီးပိုင်းတွေမှာ ပုံမှန်လိုလို ပါဝင်လေ့ရှိပေမယ့်လည်း နိုင်ငံ့ဝန်ထမ်း အမြောက်အများ အခုလို သက်ရောက်မှုရှိတဲ့ဖြစ်စဉ်ကတော့ အင်မတန်ရှားပါတယ်။

အစိုးရရာထူးခန့်အပ်တာ ဒါမှမဟုတ် ရာထူးတိုးအတွက် မဖြစ်မနေ စာမေးပွဲတွေကို ဖြေဆိုရပါတယ်။ စာမေးပွဲအောင်ဖို့  ဖြေဆိုသူတွေရဲ့ ရလဒ်တွေကို အီလက်ထရွန်နစ်နည်းပညာနဲ့ ပြုပြင်ဖို့အတွက် အရာရှိတွေက ဘတ် ၈ သိန်း အထိ လာဘ်ငွေတွေ လက်ခံခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ကောက်ချက်ချထားပါတယ်။

အခုဖြစ်စဉ်ဟာ ဇွန်လကစတင်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

စာမေးပွဲ ဖြေဆိုခဲ့ကြတဲ့ အစိုးရဝန်ထမ်း ၅,၈၁၄ ဦးရဲ့ ရလဒ်တွေနဲ့ ပတ်သတ်ပြီး ပုံမှန်မဟုတ်တဲ့အခြေအနေကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန အရာရှိ အွန်ဆစ် ဆမ်ပွန်သာရတ်က ကြာသပတေးနေ့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ထိခိုက်ပျက်စီးမှုက ကြီးမားလွန်းပါတယ်၊ ရိုးရိုးသားသားနဲ့ ရာထူးရခဲ့တဲ့သူတွေအတွက်လည်း မတရားပါဘူး” ဟု အွန်ဆစ်က ပြောကြားခဲ့သည်။

စုံစမ်းစစ်ဆေးမှု ပြုလုပ်နေချိန် စာမေးပွဲဖြေဆိုလွှာ ၈ သိန်းကိုလည်း ပြန်လည်စစ်ဆေးသွားမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဆိုပါတယ်။

အဆိုပါ မသမာမှုနဲ့ ပတ်သတ်ပြီး စွပ်စွဲခံထားရတဲ့ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ကို ရုံးသုံးစာရွက်စာတမ်းတွေ ဖျက်ဆီး ၊ ဖုံးကွယ်တာ အပါအဝင် ပြစ်မှုတွေနဲ့ ဖမ်းဆီးထားပြီး၊ သူတို့ထဲက တစ်ဦးကို အိမ်နီးချင်း လာအိုနိုင်ငံဆီ ထွက်ပြေးတိမ်းရှောင်သွားပြီးနောက် ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ပြစ်မှုထင်ရှားပါက ဒဏ်ငွေချမှတ်ခံရနိုင်ပြီး ထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ဦးစားပေး လုပ်ဆောင်နေသည့် ဝန်ကြီးချုပ် အနုတင်က စွပ်စွဲခံထားရတဲ့ အဆိုပါ လိမ်လည်မှုကို ပြစ်တင်ရှုတ်ချခဲ့ပါတယ္။

ထိုင်းနိုင်ငံမှာ အစိုးရဝန်ထမ်းတွေဟာ ရာထူးအဆင့်အတန်းအပေါ် မူတည်ပြီး ပုံမှန်အားဖြင့် တစ်လကို အမေရိကန်ဒေါ်လာ ၅၃၀ (ဘတ် ၁၇,၇၀၀ ) ကနေ ၂,၃၀၀ (ဘတ် ၇၇,၀၀၀) အထိ ရရှိကြပါတယ်။

Ref  – AFP