
“ရခိုင်စစ်ရှောင်တွေ ခဏခဏပဲ အဖမ်းခံရတယ်။ သူတို့ပြောတာကတော့ AA သတင်းပေးလို့ ပြောကြတာပဲ။ လူငယ်ပိုင်းတွေကို စစ်မှုထမ်း ပို့ပစ်တယ်လို့ ကြားတယ်။
၁၆၊ ဇူလိုင်။
ဧရာ၀တီတိုင်း လေးမျက်နှာမြို့နယ်အတွင်းသို့ စစ်ဘေးရှောင်ဖို့ ရောက်နေတဲ့ ရခိုင်ပြည်နယ် ဂွမြို့နယ်မှ ဒေသခံ အမျိုးသမီး နှစ်ဦးအပါအဝင် လေးဦးကို စစ်တပ်က ဖမ်းဆီးသွားပါတယ်။ဇူလိုင်လ ၁၄ ရက်နေ့ ညနေပိုင်းမှာ လေးမျက်နှာမြို့နယ် ဇီးပင်ကွင်းနဲ့ အောင်ဇံကွင်းကျေးရွာတွေကို စစ်တပ် ရောက်လာပြီး အဲဒီရွာမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်တွေကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။
“စစ်ကြောင်းက လာပြီးတော့ ဖမ်းသွားတာလို့ သိရတယ်။ စုစုပေါင်းအဖမ်းခံရတာ လေးယောက်ပါ။ သူတို့က ဂွ ဘက်က စစ်ရှောင်တွေ အရင်တိုက်ပွဲကာလကတည်းက ရှောင်နေကြတဲ့သူတွေပါ။ အမျိုးတွေရှိလို့ လေးမျက်နှာ ဘက်မှာ မိသားစုလိုက်သွားနေကြတာ” လို့ အဲဒီအကြောင်း သိထားတဲ့ ဂွဒေသခံတဦးက ပြောပါတယ်။
စစ်တပ်ဟာ ဂွဒေသခံရခိုင်စစ်ရှောင်တွေကို ဖမ်းဆီးပြီး ဘယ်ကိုခေါ်သွားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။ ရခိုင်ပြည်နယ်ကနေ စစ်ရှောင်လာတဲ့သူတွေကို စစ်တပ်က ဖမ်းဆီးမှုတွေ မကြာခဏလုပ်နေပြီး တချို့ကို အာရက္ခတပ်တော်(AA ) နဲ့ ဆက်စပ်တယ်ဆိုပြီး တရားစွဲဆိုပေမယ့် အချို့ကိုတော့ တရားစွဲတာလည်း မရှိဘဲ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
“ရခိုင်စစ်ရှောင်တွေ ခဏခဏပဲ အဖမ်းခံရတယ်။ သူတို့ပြောတာကတော့ AA သတင်းပေးလို့ ပြောကြတာပဲ။ လူငယ်ပိုင်းတွေကို စစ်မှုထမ်း ပို့ပစ်တယ်လို့ ကြားတယ်။ တရားစွဲတာ၊ ရုံးထုတ်တာတွေလည်း မကြားဘူး” လို့ ရေကြည်မြို့နယ်မှာ နေထိုင်တဲ့ ရခိုင်စစ်ရှောင် အမျိုးသမီးတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့ကလည်း လေးမျက်နှာမြို့နယ် ကွင်းကြီးကျေးရွာအုပ်စုအတွင်းက ဒေသခံငါးဦးကို စစ်တပ်က AAအဖွဲ့နဲ့ ဆက်စပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခဲ့ပါတယ်။ ဒါ့အပြင် ဇွန်လအတွင်းမှာပဲ ရေကြည်မြို့ နယ်က ရခိုင်စစ်ရှောင်ဆယ်ဦးကျော် ဖမ်းဆီးခဲ့ရသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်ဟာ ဧရာ၀တီတိုင်း ရေကြည်၊ လေးမျက်နှာ၊ သာပေါင်းမြို့နယ်တို့အတွင်းက ရှေ့တန်းစစ်မျက်နှာတွေမှာ ပြင်းထန်တဲ့ ထိတွေ့တိုက်ပွဲတွေ ရှိနေချိန်မှာ ဒေသခံပြည်သူတွေနဲ့ စစ်ဘေးရှောင်တွေကို မတရားဖမ်းဆီးတာ၊ စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆက်တိုက်ရှိလာခဲ့တာပါ။
ပြီးခဲ့တဲ့ တလဝန်းကျင်အတွင်းမှာ ရေကြည်မြို့နယ်အတွင်းက စစ်မှုထမ်းဖမ်းဆီး၊ ပေါ်တာဆွဲခံရသူ တဆယ်ဝန်း ကျင်ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောထားကြပါတယ်။
အရပ်သားပြည်သူတွေကို ပေါ်တာဆွဲ၊ ဖမ်းဆီးကာ စစ်မှုထမ်းပို့နေတဲ့ စစ်တပ်အနေနဲ့ ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ နိုင်ငံအဝှမ်း ပြည်သူ ၅၃၆ ဦးကို ဖမ်းဆီးခဲ့ပြီး အဲဒီထဲက ၂၉ ဦးဟာ မြစ်၀ကျွန်းပေါ်ဒေသ၊ ဧရာ၀တီ၊ ရန်ကုန်နဲ့ ပဲခူး တိုင်းတို့ကဖြစ်တယ်လို့ Spring Revolution Database(SRD)ရဲ့ “အကြမ်းဖက်စစ်ကောင်စီ ကျူးလွန်ခဲ့သော စစ်ရာ ဇဝတ်မှုမှတ်တမ်းများ” အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ ရေကြည်မြို့နယ်အတွင်းက ရိုးမတောင်ခြေတလျှောက် စစ်တပ်စခန်းတွေကို အာရက္ခတပ်တော်(AA)နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နေပြီး စစ်တပ်ဘက်က အင်အားအလုံးအရင်း ဖြည့်တင်းနေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။