ရန်ကုန်၊ပြည် ရထားလမ်းဘေးက ကျုးကျော်တွေကို ရှင်းလင်းဖို့ပြင်နေ

“အခုနောက်ပိုင်းမှာ စာနာထောက်ထားမူ မရှိပဲ၊ ကျူးကျော်ရှင်းလင်းရေးကို မာမာထန်ထန် လုပ်နေတာ။ ဘဝတွေ အများကြီး ပျက်ခဲ့ရပြီးပြီ။ ထပ်ပြီးလည်း ပျက်ရဦးမယ်”

၁၄၊ဇူလိုင်

ရန်ကုန် – ပြည် ရထားလမ်းပိုင်း ဘေးတဖက်တချက်မှာ နေထိုင်တဲ့  ကျူးကျော်တွေကို ဖယ်ရှား ရှင်းလင်းသွားမယ်လို့ စစ်အစိုးရရဲ့ ရန်ကုန်တိုင်း လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော် ကပြောပါတယ်။

အဲဒီ ရထားလမ်းပိုင်းမှာ DEMU ရထားတွဲဆိုင်းတွေ စတင်ပြေးဆွဲမှာ ​ဖြစ်တဲ့အတွက် ဘေးအန္တရာယ် ကင်းအောင် ရထားလမ်းဘေး တလျှောက်  နေထိုင်ကြသူတွေကို ရှင်းလင်းတာ ၊တရားမဝင် အသုံးပြုနေတဲ့ Level Crossing ကို ပိတ်သိမ်းတာတွေ လုပ်သွားမယ်လို့ လုပ်ငန်းစဥ်နဲ့ ပတ်သက်ပြီး ဇူလိုင်၁၃ ရက်ကလုပ်တဲ့ အစည်းအဝေးမှာ အသိပေးပြောခဲ့တာ ဖြစ်ပါတယ်။

ကနဦးအနေနဲ့ ဒါးပိန်-အင်းတိုင်-လှေလှော်ရထားလမ်းပိုင်းက မြန်မာ့မီးရထားပိုင်မြေ Right Of Way ဧရိယာအတွင်း ဝင်ရောက်နေထိုင်တဲ့ ကျူးကျော်တွေ ဖယ်ရှားရှင်းလင်းခံရဖို့ ရှိနေတာဖြစ်ပြီး မြန်မာ့မီးရထား၊ တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာနနဲ့ သက်ဆိုင်တဲ့ အုပ်ချုပ်​ရေးအဖွဲ့တွေ ပူးပေါင်းပြီး မြေပြင်ကွင်းဆင်း စစ်ဆေးဖို့ ဒေါက်တာမျိုးသော်က တာဝန်ပေးထားပါတယ်။

အဲဒီလို ကျူးကျော်တွေကို ရှင်းလင်းဖို့ လုပ်နေပေမဲ့ ​နေစရာ အစားထိုးပေးဖို့ လုပ်ငန်းစဥ်ထဲ ထည့်သွင်းထားတာ မရှိတာကြောင့် မိသားစုအများအပြား နေထိုင်ရေး အခက်ကြုံရဖို့ ရှိနေတယ်လို့ ရန်ကုန်မြို့က ကျူးကျော်အရေး ကူညီပေးခဲ့သူတဦးက ဆိုပါတယ်။

“အခုနောက်ပိုင်းမှာ စာနာထောက်ထားမူ မရှိပဲ၊ ကျူးကျော်ရှင်းလင်းရေးကို မာမာထန်ထန် လုပ်နေတာ။ ဘဝတွေ အများကြီး ပျက်ခဲ့ရပြီးပြီ။ ထပ်ပြီးလည်း ပျက်ရဦးမယ်” လို့ သူက ပြောပါတယ်။

ရထား​တွေ မြန်နှုန်းမြှင့် ပြေးဆွဲရင် တရားမဝင် လမ်းကူးသူ​တွေနဲ့  ရထားနယ်မြေအတွင်း ကျူးကျော်သူတွေ အန္တရာယ်ရှိတဲ့ အတွက် ပိတ်သိမ်းရှင်းလင်းတာ ဖြစ်​ပြီး၊ ပိတ်သိမ်းဖို့ မဖြစ်နိုင်တဲ့ လမ်းကူး​တွေကို ပေါင်းစပ်တာ၊ တံခါးဖွင့် ၊    ပိတ်စနစ် အသုံးပြု ဆောင်ရွက်သွားမှာ ဖြစ်သလို ကျူးကျော်ရှင်းလင်းပြီးရင် ခြံစည်းရိုးကာရံ တားမြစ်ဆိုင်းဘုတ် စိုက်ထူမယ်လို့ ဒေါက်တာမျိုးသော်က ဆိုပါတယ်။

ရန်ကုန်မြို့မှာ ကျူးကျော်နေအိမ်တွေ ရှင်းလင်းဖယ်ရှားတာကို တစိုက်မက်မက် လုပ်နေသလို ကျူးကျော် ဆိုင်ခန်းတွေကိုလည်း မြို့နယ်တိုင်းမှာ စီမံချက်နဲ့ ဖျက်သိမ်းဖယ်ရှားနေတာတွေ ရှိနေပါတယ်။

၁၈၉၀ ပြည့်နှစ် မီးရထားအက်ဥပဒေ (The Railways Act, 1890) အရ ပုဒ်မ ၇ နဲ့ ၂၉ မှာ မီးရထားသံလမ်းရဲ့ ဗဟိုတဖက်တချက် ပေ ၅၀ စီ နဲ့ လိုအပ်တဲ့အခါ ပေ ၁၀၀ အထိ မီးရထားပိုင်မြေအဖြစ် အစိုးရက သိမ်းယူခွင့်နဲ့ ကာကွယ်ထားတဲ့ နယ်နိမိတ်အဖြစ် သတ်မှတ်ထားပါတယ်။

Photo-လူမူကွန်ရက်