စားအုန်းဆီ တပိဿာ နှစ်သောင်းဝန်းကျင်

စားအုန်းဆီ မရဘူး ဝယ်လို့၊ အကြော်ကြော်တာမှာ ဒီလောက် စျေးကြီးနေရင် မကိုက်ဘူး” လို့ ဖျာပုံမြို့နယ်မှ အကြော်ရောင်းနေတဲ့အမျိုးသမီးတဦးက ပြောထားပါတယ်။

၁၄၊ ဇူလိုင်။

ဧရာ၀တီတိုင်းအတွင်းက မြို့နယ်တွေမှာ စားအုန်းဆီစျေးဟာ တပိဿာကို ကျပ် ၂၀၀၀၀ ဝန်းကျင်ထိ စျေးတက် နေပြီး တချို့ကျေးရွာတွေမှာတော့ ပစ္စည်းပြတ်နေတယ်လို့ ပြောကြပါတယ်။

စားအုန်းဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားတဲ့ စားအုန်းဆီ ရည်ညွှန်းစျေးဟာ တပိဿာကို ကျပ်ရှစ်ထောင်နီးပါးသာ ရှိပေမယ့် ပြင်ပဆိုင်တွေမှာ ကျပ် ၂၀၀၀၀ ထိ စျေးတင် ရောင်း နေကြတာပါ။

“ဆီစာအုပ်နဲ့လည်း ဝယ်လို့မရတော့ဘူး အခု၊ အရင်က စာအုပ်နဲ့ဆိုရင် အစိုးရစျေးအတိုင်း ဝယ်လို့ရသေးတယ်။ အခု နောက်ပိုင်းမှ မရတော့တာ။ ဆိုင်ကြီးတွေမှာလည်း ဝယ်လို့မရဘူး။ ရရင်လည်း နည်းနည်းပဲ ရတယ်။ စားအုန်းဆီက ပြတ်သလောက်ဖြစ်နေတာ” လို့ ဧရာ၀တီတိုင်း ရေကြည်မြို့နယ်မှ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

ဧရာ၀တီတိုင်းအတွင်းမှာ ပြီးခဲ့တဲ့ လအတွင်းက စားအုန်းဆီ တပိဿာကို ကျပ် ၁၇၀၀၀ ဝန်းကျင်သာ စျေးရှိခဲ့ရာကနေ စစ်အစိုးရက စာအုန်းဆီတင်သွင်းမှု လျှော့ချလိုက်ပြီးနောက်ပိုင်း အခုလို စျေးတွေ ထိုးတက်သွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် စာအုန်းဆီ စျေးတက်တာဟာ စက်သုံးဆီ စျေးတက်တာရဲ့ နောက်ဆက်တွဲ သယ်ယူပို့ဆောင်ရေး စရိတ်ကြီးတာ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့  မှောင်ခိုထုတ် ရောင်းချမှုတို့ကြောင့်လည်း ပါတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“အရင်နွေရာသီတုန်းကတော့ တလမှာ နှစ်ကြိမ်ရခဲ့သေးတယ် စာအုပ်နဲ့ ဝယ်လို့ အဲတုန်းက စာအုပ်နဲ့ ဝယ်ရင် တပိဿာကို ၈၅၀၀၊ အပြင်ကဝယ်ရင် ၁၂၀၀၀ လောက်ပဲ ရှိတယ်။ ကိုယ့်ဆိုင်မှာ ရောင်းဖို့လည်း ဝယ်ဖူးတယ် အဲတုန်းက” လို့ ဇလွန်မြို့နယ်မှ ကုန်စုံဆိုင်ရှင်တဦးက ပြောပါတယ်။

ဒေသထွက် ပဲဆီစျေးကတော့ တပိဿာကို ကျပ် ၁၆၀၀၀ ဝန်းကျင်စျေးရှိနေပြီး လက်ရှိမှာ ပဲဆီပဲသုံးနေကြရတယ် လို့ ဆိုပါတယ်။

“ပဲဆီပဲ ဝယ်သုံးရတယ်။ စားအုန်းဆီ မရဘူး ဝယ်လို့၊ အကြော်ကြော်တာမှာ ဒီလောက် စျေးကြီးနေရင် မကိုက်ဘူး” လို့ ဖျာပုံမြို့နယ်မှ အကြော်ရောင်းနေတဲ့အမျိုးသမီးတဦးက ပြောထားပါတယ်။

ဧရာ၀တီတိုင်းအတွင်း မြို့နယ်အချို့မှာ အဲဒီလို စားအုန်းဆီတွေကို ရည်ညွှန်းစျေးအတိုင်း ခွဲတမ်းကျ ရောင်းချပေး နေပေမယ့်  တချို့မြို့နယ်တွေမှာတော့ အပြင်ဆိုင်တွေကပဲ ဝယ်နေကြရတယ်လို့ ဆိုပါတယ်။ စစ်အစိုးရဟာ စားအုန်းဆီတွေကို စျေးမတက်အောင် ကြပ်မတ်ပြီး ရောင်းချပေးနေတယ်လို့ ဆိုပေမယ့် အောက်ခြေမှာတော့ ပြင် ပအရောင်းဆိုင်တွေက စျေးတင်ရောင်းနေကြတာပါ။

ရန်ကုန်မြို့မှာလည်း စာအုန်းဆီတပိဿာကို ကျပ် ၁၇၀၀၀ ဝန်းကျင်စျေးရှိနေပြီး စားအုန်းဆီ ဝယ်ယူခွင့် စာအုပ် ထုတ်ပေးပြီး သတ်မှတ်ထားတဲ့ ဆိုင်တွေလည်း  ခွဲတမ်းနဲ့  ဝယ်ဖို့ ခွင့်ပြု ထားပေမယ့် ရောင်းပေးတဲ့ ခွဲတမ်းလျော့သွား တဲ့အပြင် ဆီချိန်မပြည့်တာတွေလည်း ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်လို့ ဆိုပါတယ်။

စားအုန်းဆီစျေးကို ဝယ်ယူရတဲ့ နိုင်ငံရဲ့ စျေးအတက်အကျနဲ့ မြန်မာနိုင်ငံရဲ့ စျေးအတက်အကျအပေါ် မူတည်ပြီး ပြည်တွင်း အတွက် ဈေးသတ်မှတ်ရတာလို့  စစ်အစိုးရက ဖြေရှင်းချက် ပေးထားပါတယ်။ ဒါပေမယ့် ဆီတင်သွင်းတဲ့ အရေအတွက် လျှော့ချလိုက်လို့ အခုလို အခြေအနေ ရောက်လာရတာလို့ စာအုန်းဆီ အရောင်းဆိုင်တွေက ပြောကြပါတယ်။